September 19, 2024

၁၄. ၉. ၂၀၂၄
Written by Nay Moe

ရခိုင်လက်နက်ကိုင် AA အဖွဲ့ဟာ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲမြို့အပြင် ပလက်ဝဒေသကို သိမ်းပိုက်ရရှိထားပြီး ဒီလိုမြို့သိမ်းတိုက်ပွဲတွေမှာ AA လက်နက်ကိုင်အဖွဲ့ဝင်တွေဟာ ပြည်သူ့ စည်းစိမ်၊ ဥစ္စာ၊ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာခိုးဝှက်ခဲ့ကြတာကြောင့် ဒီလိုခိုးထားတဲ့ AA လက်နက်ကိုင်တွေကို အရေးယူထားပြီး ထပ်မခိုးဖို့လည်း သတိပေးထားတယ်လို့ AA က ဒီမနက်မှာ ဝန်ခံချက် ထုတ်ပြန်လာပါတယ်။

AA ဟာ ဆယ်လအတွင်း ၁၁ မြို့သိမ်းထားသလို မောင်တောမြို့ အပါအဝင် တောင်ကုတ်၊ ကျိန္တလီ၊ ဂွ၊ အမ်း၊ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့အကုန်လုံးကို တစ်မြို့မကျန် အလုံးစုံသိမ်းပိုက်ရေးအတွက် ထိုးစစ် ဆက်လက်ဆင်နွှဲနေပြီး ဒီလို တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်သူတွေက ဘေးလွတ်ရာရှောင်ချိန် ပိုင်ဆိုင်တဲ့ ဆိုင်ကယ်၊ ကား၊ မီးခံသေတ္တာ၊ အစရှိတဲ့ လေးလံပြီး ရွှေ့ပြောင်းသယ်ယူဖို့ အဆင်မပြေတဲ့ ထုထည်ကြီးပစ္စည်းတွေ၊ လုံခြုံရေးအရ မယူဆောင်ဘဲ မိမိအိမ်မှာ ဝှက်ထားချန်ရစ်ခဲ့တဲ့ ရွှေ၊ ငွေ အချို့ဟာ AA လက်နက်ကိုင်တွေ ခိုးကြတာကြောင့် တိုက်ပွဲအတွင်း ပျက်စီးဆုံးရှုံးခဲ့ရတာ ပျောက်ဆုံးခဲ့ရတာရှိပါတယ်။

ဒီလို ဒေသခံပြည်သူ့ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာတွေ တိုက်ပွဲများအတွင်းနဲ့ တိုက်ပွဲပြီးဆုံးချိန်မှာ ပျောက်ဆုံးမှု ရှိခဲ့တာကို ကာယကံရှင်တွေ တိုင်တန်းသလို AA ထောက်လှမ်းရေးကလည်း စုံစမ်းသိရကြောင်းနဲ့ ခိုးမှုကျူးလွန်ခဲ့တဲ့ AA လက်နက်ကိုင်တွေကို သေချာစွာ စုံစမ်းစစ်ဆေးပြီး အပြစ်ကျူးလွန်ခဲ့ကြောင်း ထင်ရှားသောသူတွေကို ထိုက်တန်တဲ့အပြစ်ပေး အရေးယူထားသလို မပြီးပြတ်သေးတဲ့ ပျောက်ဆုံးမှုတွေကို ဆက်လက် စစ်ဆေးနေတယ်ပြောပါတယ်။

ဒါ့အပြင် ပြည်သူစည်းစိမ် ခိုးဝှက်လုယက်တဲ့ AA တပ်ဖွဲ့ဝင်နဲ့ အုပ်ချုပ်ရေးဘက်က အကျင့်ပျက် AA ဝန်ထမ်းအချို့က လုပ်ပိုင်ခွင့်၊ အာဏာကို အလွဲသုံးစားလုပ်ပြီး ပြည်သူ့စည်းစိမ်ဥစ္စာတွေကို ခိုးယူသုံးတာ ပြုလုပ်လျက်ရှိတာကြောင့် အဆိုပါ အကျင့်ပျက်ဝန်ထမ်းတိုင်းကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့လည်း AA က ​ပြောပါတယ်။

ရခိုင်လက်နက်ကိုင် AA တွေသာမက အခြားသော မြို့တွေမှာလည်း MNDAA၊ TLNA၊ PDF၊ KNDF နဲ့ ချင်းလက်နက်ကိုင်တွေသိမ်းယူကြတဲ့ မြို့သိမ်းတိုက်ပွဲတွေမှာလည်း ပြည်သူ့အတွက် တိုက်ပွဲဝင်တယ် မြို့သိမ်းတယ်ဆိုတဲ့ လက်နက်ကိုင်တွေဟာ စစ်ပြေးကြတဲ့ပြည်သူ့အိမ်ထဲဝင်ပြီး ဖောက်ထွင်းခိုးဝှက်ယူရုံမက အိမ်ခြံထဲမြှုပ်ထားတဲ့ ရွှေတွေကိုပါ ရွှေရှာစက်နဲ့ တူးဖော်ခိုးဝှက်ယူကြတယ်လို့လည်း ပစ္စည်းပျောက်ဆုံးခဲ့တဲ့ စစ်ရှောင်ပြည်သူတွေက ​ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *