September 18, 2024

၁၄. ၉. ၂၀၂၄
Written by Nyein Kyaw

နိုင်ငံခြားငွေဈေးကွက်အတွင်းသို့ FX Market Online Trading Platform မှတစ်ဆင့် ဒေါ်လာ ၂၃၀,၀၀၀၊ တရုတ်ယွမ် ၁ ဒသမ ၅ သန်းကျော်နှင့် ထိုင်းဘတ် ၉၅၆,၉၃၀ (တစ်သန်းခန့်) ထပ်မံထုတ်ရောင်းပေးခဲ့ကြောင်း စက်တင်ဘာ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၁၀၀ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ် ကြေညာခဲ့ပြီးနောက် ဩဂုတ်လ ၁၅ ရက်မှစတင်၍ ဒေါ်လာကို သန်းနှင့်ချီအလုံးအရင်းဖြင့် ထုတ်ရောင်းပေးခဲ့၍ ဩဂုတ်လ ၁ ရက်မှ စက်တင်ဘာ ၄ ရက်အထိ ဒေါ်လာ ၂၀၆ သန်းအထိ ထုတ်ရောင်းပေးခဲ့ပြီးဖြစ်သလို စက်တင်ဘာ ၅ ရက်တွင် ဒေါ်လာကိုးသောင်းနှင့် စက်တင်ဘာ ၆ ရက်တွင် ဒေါ်လာတစ်သိန်း ထပ်မံရောင်းချပေးထားသည်။

ထို့ကြောင့် ယခုထပ်မံရောင်းချပေးသည့် ဒေါ်လာ၊ တရုတ်ယွမ်နှင့် ထိုင်းဘတ်များအပါအဝင် ဩဂုတ်လ ၁ ရက်မှ လက်ရှိအချိန်အထိ တစ်လခွဲအတွင်း စုစုပေါင်းနိုင်ငံခြားငွေ ဒေါ်လာ ၂၀၆ သန်းကျော်၊ တရုတ်ယွမ် ၂၀ ဒသမ ၅ သန်းကျော်နှင့် ထိုင်းဘတ်သန်း ၁၆၀ နီးပါး ရောင်းချပေးထားခြင်းဖြစ်သည်။

ထို့ပြင် ‌စက်သုံးဆီအတွက် ဒေါ်လာ ၁၀ သန်းနှင့် စားသုံးဆီအတွက် ဒေါ်လာ ၇ သန်းအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှ စက်တင်ဘာ ၁၂ ရက်တွင် အသိပေးခဲ့သော်လည်း မည့်သည့်နေ့ရက်တွင် ရောင်းချပေးမည်ကိုမူ ဖော်ပြထားခြင်းမရှိခဲ့ပေ။ အဆိုပါ ထုတ်ရောင်းပေးမည့် ဒေါ်လာများကိုပါ ထည့်သွင်းတွက်ချက်မည်ဆိုပါက တစ်လခွဲအတွင်း ဒေါ်လာရောင်းချပေးသည့် စုစုပေါင်းပမာဏမှာ ဒေါ်လာသန်း ၂၂၀ ကျော်အထိရှိလာမည်ဖြစ်သည်။

ပြည်တွင်း၌ ဒေါ်လာဈေးနှုန်းများမှာ ယခုစက်တင်ဘာ ၇ ရက်မှစတင်ပြီး ဒေါ်လာဈေး ဆက်တိုက်ကျဆင်းခဲ့သလို စက်တင်ဘာ ၉ ရက် ညနေပိုင်းတွင် ကျပ် ၄၈၀၀ ဝန်းကျင်သို့ ပြန်ကျခဲ့၍ အဆိုးဝါးဆုံး ဈေးနှုန်းမြင့်တက်ထားသော တစ်လကျော်အတွင်း ကျပ် ၅၀၀၀ အောက်သို့ ပထမဆုံးကျဆင်းခဲ့ခြင်းဖြစ်သည်။

သို့သော် လက်မည်းကုန်သည်ကြီးများ၏ ဈေးကစားမှုကြောင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဒေါ်လာဈေးနှုန်း အတက်အကျများခဲ့ပြီး စက်တင်ဘာ ၁၀ ရက်တွင် တစ်ဒေါ်လာ ကျပ် ၅၀၀၀ ကျော်မှ စက်တင်ဘာ ၁၁ ရက်တွင် တစ်ဒေါ်လာ ကျပ် ၅၆၀၀ အထိပြန်မြင့်တက်ခဲ့သော်လည်း ယနေ့တွင်မူ တစ်ဒေါ်လာ ကျပ် ၅၂၀၀ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *