September 18, 2024

◾️ မုန်တိုင်းအရှိန်နှင့်ပတ်သက်ပြီး စက်တင်ဘာ ၁၅ ရက်အထိ အထူးသတိထားနေထိုင်ရန်ပါ သတိပေး

၁၃. ၉. ၂၀၂၄
Written by Nyein Kyaw

ယနေ့တွင် နေပြည်တော်ဝန်းကျင်၌ ရေအနည်းငယ်ကျဆင်းလာပြီဖြစ်သော်လည်း အဆိုပါရေများသည် စစ်တောင်းမြစ်ကိုမူတည်ပြီး ကျဆင်းမည့်သဘောရှိသဖြင့် တောင်ငူ၊ မုံး၊ ရွှေကျင်ဒေသတစ်ဝိုက်တွင် အထူးသတိထားရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ သတင်းထုတ်ပြန်ရေးအဖွဲ့‌ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားသည်။

“ဒီနေရာမှာ သတိပေးချင်တာက တပ်ကုန်း၊ နေပြည်တော်ပေါ့နော်။ ဒီတစ်ဝိုက်မှာတော့ ဒီနေ့မှာတော့ ရေအနည်းငယ်ကျဆင်းလာတယ်။ ဒီရေတွေက ဘယ်လိုပဲပြောပြော စစ်တောင်းမြစ်ကိုမူတည်ပြီးတော့ ကျဆင်းမယ့်သဘောရှိတယ်။ စစ်‌တောင်းမြစ်ကို မူတည်ပြီးကျဆင်းတာဖြစ်တဲ့အတွက် နောက်နေ့တွေမှာ တောင်ငူပေါ့နော်။ သူ့ရဲ့အောက်ဘက်မှာရှိနေတဲ့ မုံးတို့၊ ရွှေကျင်တို့ ဒီတစ်ဝိုက်က အထူးသတိထားရမယ့် အနေအထားဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

အဆိုပါ ရေကြီးမှုများနှင့်ပတ်သက်ပြီး သဘာဝဘေး အန္တရာယ်ကူညီကယ်ရေးအဖွဲ့များအပြင် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှလည်း သတိပေးချက်များ အဆက်မပြတ်ထုတ်လွှင့်ပေးလျက်ရှိပြီး မြေနိမ့်ပိုင်း၊ မြစ်ကမ်းဘေး၊ မြစ်/ချောင်းနှင့်နီးစပ်ရာနေရာများ၊ မြေပြိုကျနိုင်သည့် နေရာများတွင် နေထိုင်သည့် ပြည်သူလူထုအနေဖြင့် အမြန်ပြောင်းရွှေ့ရန် သတိပေးလှု့ဆော်မှုများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ သတိပေးထုတ်ပြန်ချက်များကိုလည်း အထူးသတိထားလိုက်နာပြီး ပူးပေါင်းဆောင်ရွက်ရန် ဗိုလ်ချုပ်ဇော်မင်းထွန်းက မေတ္တာရပ်ခံထားသည်။

“ဒီလှုံ့ဆော်မှုတွေကို သတိထားပေးဖို့ လိုက်နာဆောင်ရွက်ပူးပေါင်း ဆောင်ရွက်ပေးဖို့ အထူးမေတ္တာရပ်ခံလိုပါတယ်။ နောက်တစ်ခုကတော့ မုန်တိုင်းအရှိန်နဲ့ပတ်သက်ပြီးတော့ ဒီလ ၁၅ ရက်နေ့အထိပေါ့။ သဘက်ခါအထိ အထူးဂရုစိုက်ပေးဖို့  ပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

လက်ရှိဖြစ်ပေါ်နေသော မုန်တိုင်းကြောင့် ရေဘေးဒဏ်သင့်ဒေသများအတွင်း ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင်နှင့် ကူညီကယ်ရေးများ အမြန်ဆုံးရရှိအောင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌကိုယ်တိုင် ကြပ်မတ်ဆောင်ရွက်နေသည်။

မုန်တိုင်းဒဏ်ကြောင့် နိုင်ငံတစ်ဝန်း ရေကြီးရေလျှံဖြစ်ပွားနေသော မြိုနယ်ပေါင်း ၃၄ မြိုနယ်တွင် ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စု ၅၉၄၁၃ စု၊ လူဦးရေ ၂၃၆၆၄၉ ဦးရှိပြီး ၎င်းတို့အတွက် ကူညီကယ်ဆယ်ရေးစခန်း ၁၈၇ ခု ဖွင့်လှစ်ပေးထားပြီးဖြစ်သည်။ ထို့အတူ နေပြည်တော်အပါအဝင် နိုင်ငံတစ်ဝန်းလုံးရှိ ရေကြီးနစ်မြှုပ်မှုများကြောင့် အသက်ဆုံးရှုံးရသူ ၃၃ ဦး ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *