၂၈. ၁၂. ၂၀၂၂
Written by Nay Moe
မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် ကိုးကန့်(MNDAA)၏ မုံးကိုးဒေသရှိ ခံတပ်ကို Su-30 တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ကာ နှစ်ကြိမ်ဗုံးကြဲမှုတွင် ၁ ဦးအသက်ပေးရပြီး ၅ ဦး ဒဏ်ရာရခဲ့သည်ဟု MNDAA ၏ သတင်းများကို ထုတ်ပြန်ပေးနေသည့် The KoKang က ဖော်ပြထားသည်။
အဆိုပါဖြစ်စဥ်တွင် ဒီဇင်ဘာ ၂၆ ရက်ည နံနက် ၁ နာရီ ၁၀ မိနစ်မှ ၂၀ မိနစ်ခန့်အထိ Su-30 တိုက်လေယာဉ်ဖြင့် ကိုးကန့်(MNDAA)၏ခံတပ်ကို မိုးပေါ်မှ ဗုံးသီး ၁၀ လုံးဖြင့် နှစ်ကြိမ်တိုင်တိုင်လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် MNDAA ဘက်မှ ၁ ဦးအသက်ပေးစွန့်ခဲ့ပြီး ၅ ယောက် ဒဏ်ရာရရှိခဲ့သည်။
ထိုသို့ လာရောက်ပစ်ခတ်ခြင်းသည် MNDAAကိုဦးတည်ပြီး လက်စားချေ တိုက်ခိုက်ခြင်းဖြစ်ပြီး ပြီးခဲ့သည့် နိုဝင်ဘာလတွင် ကိုးကန့်ဒေသ နမ့်ဖာတောင်တိုက်ပွဲ၌ MNDAA ဘက်မှ ထိခိုက်ကျဆုံးမှု လုံးဝမရှိဘဲ လခရတပ်၏ ရောနှောတပ်ဖွဲ့မှ လူဦးရေအနည်းဆုံး ၅၀ ကျော်နှင့် ဒီဇင်ဘာလ ၂၁ ရက်နှင့် ၂၃ ရက်နေ့ နှစ်ရက်အတွင်း မုံးကိုးဒေသတိုက်ပွဲတွင် MNDAA ဘက်မှ လခရ အယောက် ၂၀ ကျော် ကိုထပ်မံချေမှုန်းနိုင်ခဲ့သဖြင့် လက်စားချေခြင်းဖြစ်သည်ဟုလည်း The KoKang တွင် ဖော်ပြထားသည်။