September 18, 2024

၁၃.၉.၂၀၂၄
Written by Hey Mar

ရေဘေးဒဏ်မခံစားဖူးတဲ့ အရပ်ဒေသတွေမှာ ရေဝင်ရောက် လာတဲ့အခါ ဒေသခံတွေအနေနဲ့ ကြိုတင်ပြင်ဆင်မှုအားနည်းတာရော မဖြစ်တန်လောက်ပါဘူးဆိုတဲ့ စိတ်ခံစားချက်၊ ပိုင်ဆိုင်တဲ့ ကျွဲ၊ နွား သတ္တဝါတွေကိုပါ မရွှေ့ပြောင်းနိုင်တဲ့အခါ သတ္တဝါတွေအပေါ် သံယောဇဉ်နဲ့ ရေလွတ်ရာ ခိုကပ်နေရင်းက ပိုမိုဆိုးရွားတဲ့ အခြေအနေကြုံရတဲ့အခါ အခုလိုအသက်ဘေးနဲ့ပါရင်ဆိုင်ကြရတာလို့ မြေပြင်အကူအညီရောက်ရှိနေတဲ့ စေတနာ့ဝန်ထမ်းတချို့က ကြုံတွေ့ရတဲ့အခြေအနေတွေကို ပြောပြပါတယ်။

ရေကြီးရေလျှံမှုသဘာဝဘေးဒဏ်ကို နှစ်စဉ်ခံစားနေရတဲ့ နေရာတွေမှာ နေထိုင်သူ‌တွေအနေနဲ့ သဘာဝတရားနဲ့ ဘယ်လို လိုက်လျောညီထွေ ဖြစ်အောင်နေထိုင်ရမယ်ဆိုတာကို ပြင်ဆင်ထားတတ်ပြီး အဆိုပါဒေသက ဒေသခံတွေကို ကူညီရာမှာ ကယ်ဆယ်ရေး ရေဘေးလွတ်ရာရွှေ့ပြောင်းပေးရတာထက် စားရေရိက္ခာနဲ့ကျန်းမာရေးအတွက်တောင့်ခံနိုင်အောင်သာ ဖြည့်ဆည်းပေးနိုင်ဖို့ အဓိက ဆောင်ရွက်ရတယ်လို့ Yangon Recuse Organization မှ ခရိုင်တာဝန်ခံကပြောပါတယ် ။

အဆိုပါ ခရိုင်တာဝန်ခံက ကျွန်တော်တို့ ပြီးခဲ့တဲ့ ဇူလိုင် ဩဂုတ်ကနေ အခု စက်တင်ဘာအထိ တောက်လျောက် ရေဘေးအကူအညီတွေမှာ ရန်ကုန်တိုင်းအတွင်းဆိုရင်လည်း တိုက်ကြီး အကျော်ဘက်က ရွာတွေရှိတယ်။ မြစ်ချောင်းမနီး ရေမတက်ဖူးတဲ့ နေရာတွေပေါ့။ အဲ့ဒီနေရာတွေမှာ ရေတွေက ရင်စို့လောက်တက်လာတာမျိုး၊ ကွင်းတစ်ခုလုံးရေဖုံးတာမျိုးတွေအထိ ဒီနှစ်မှာ ထူးခြားဖြစ်စဉ်ကြုံကြရတယ်။ ကူညီရွှေ့ပြောင်းပေးဖို့ အသင်းတွေက သွားတဲ့အခါ မွေးထားတဲ့ ဝက်ပါ တင်ခေါ်ပေးပါ။ ဝက်မပါရင် မလိုက်ဘူး။ အစောင့်နေခဲ့မယ်ဆိုတာမျိုး၊ ပါသွားတဲ့လှေနဲ့ ရအောင်တင်ပေးတော့ ဝက်က မငြိမ်တဲ့အခါ လှေမှောက်တာမျိုး၊ အင်ဂျင်ပါ ရေထဲပြုတ်ကျပြီး ဒုက္ခရောက်တာမျိူးလည်း ကျွန်တော်တို့အသင်းတွေ ကြုံတွေ့ရတာရှိပါတယ် ” လို့ MT News ကို ပြောပါတယ်။

‌တောင်ယာနဲ့ အသက်မွေးတဲ့ ကျေးလက်နေလူတန်းစားတွေအတွက် ကျွဲ၊ နွား၊ ဆိတ်၊ ဝက် စတဲ့ တိရစ္ဆာန်တွေမှာ သူတို့ရဲ့ ပိုင်ဆိုင်မှုရော သံယောဇဉ်ပါ ရင်းနှီးမြုပ်နှံကြတာပါ။ လအတော်ကြာ ရင်းနှီးမြုပ်နှံထားတဲ့ ငွေဖော်ခါနီး ဝက်ကို မထားခဲ့နိုင်တော့ဘဲ ရေမရောက်နိုင်ဘူးထင်တဲ့ရေလွတ်ရာ နေရာရှောင်တိမ်းနေထိုင်ရင်း အချိန်လွန်မှ ကယ်ဆယ်ရေးအဖွဲ့တွေဆီ အကူအညီတောင်းတဲ့အခါ သွားလာရအခက်အခဲတွေကြောင့် လိုအပ်တာထက်ပိုပြီး နှစ်ဖက်စလုံးမှာ အန္တရာယ်ကြုံရတတ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာလည်း ရာဂီမုန်တိုင်းရဲ့ ရိုက်ခတ်မှုအရှိန်ကြောင့် ကုန်းတွင်းပိုင်းဖြစ်တဲ့ မန္တလေးတိုင်းဒေသကြီးအတွင်းက ရမည်းသင်းမြို့နယ်ဟာ မကြုံစဖူးရေဘေးဒဏ်ကို ခံစား‌နေရပြီး လူနဲ့ တိရစ္ဆာန် အပါအဝင် တချို့နေရာတွေမှာ ရွာလုံးကျွတ် ပျက်စီးဆုံးရှုံးမှုတွေ အများအပြားဖြစ်ပေါ်နေတာလည်း သက်ဆိုင်ရာဌာနတွေရဲ့ ထုတ်ပြန်အချက်တွေအရ သိရှိရပါတယ်။ ကယ်ဆယ်ရေး ဆောင်ရွက်ရာမှာ နေထိုင်လို့ ရသရွေ့ မိမိရပ်ရွာမှာ ဆက်လက် နေထိုင်လိုတာမျိုးတွေ့ရှိရပြီး ကူညီကယ်ဆယ်ရေး ဆောင်ရွက်သူတွေ‌ ရောက်ရှိချိန်မလိုက်ဘဲ နောက်မှ လိုက်မယ်ဆိုတာမျိုးလည်း ကြားသိရတာကြောင့် ဖျောင်းဖျ ခေါ်ယူရတယ်လို့ နေပြည်တော် ကောင်စီနယ်မြေ အတွင်း ရေဘေးသင့်ဒေသမှာ အကူအညီပေးနေတဲ့ စေတနာ့ဝန်ထမ်းတစ်ဦးက MT N ews ကို ပြောပါတယ်။

ကရုဏာ လူမှုကူညီရေးအသင်းတာဝန်ရှိသူက “ပိတ်မိတာမဟုတ်ဘူး။ ‌လာခေါ်တဲ့အချိန် မလိုက်တာကြောင့်၊ နောက်တစ်ခေါက်မှ လိုက်မယ်ဆိုတာမျိုးကြောင့်၊ အခု ကျွန်တော်ရောက်တဲ့ဘက်က ဒိုးအင်း၊ လေးအိမ်စု၊ အရှေ့ဆင်ရွာ ၊ ကျေးအင်း၊ ထုံးဘို၊ ကွမ်းသီးပင်၊ သဖန်းပင်၊ ချောင်းကမ်း၊ရွာတန်းရှည် အခြေနေအရမ်းဆိုးနေပါတယ်။ နှစ်ထပ်အိမ်တောင်ရေထိနေပါပြီ။ အ‌စောပိုင်းမှာ ထွက်ဖို့ခေါ်ယူပေမယ့် နောက်မှ လိုက်မယ် ဆိုတာမျိုး ကြုံရတယ်။ အခုတမံကျိုးလာတာကြောင့် ပိတ်မိနေတာပါ။ အခြေနေအရမ်းဆိုးနေပါပြီ။ ကြိုတင် မပြင်ကြတာ။ မဖြစ်နိုင်ဘူး ထင်ကြတာ ” လို့ မြေပြင်ကြုံတွေ့နေရတဲ့ အခြေအနေတချို့ကို ပြောပြပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ ထုတ်ပြန် ကြေညာချက်တွေအရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်‌ တောင်ပိုင်းမှာ မုတ်သုန်လေအားအလွန်ကောင်းနေပြီး မုန်တိုင်းငယ်ဖြစ်လာနိုင်ကာ တစ်နိုင်ငံလုံးမိုးရွာသွန်းမှာဖြစ်ပြီး ချင်းနဲ့ ရခိုင်ပြည်နယ်မှာ နောက်နှစ်ရက်အထိ မိုးပိုနိုင်တယ်လို့လည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ဒီက‌နေ့ တိုင်းထွာချက်တွေအရ သိရှိရပြီး စစ်တောင်းမြစ်ရေ၊ ပဲခူးမြစ်ရေနဲ့သံလွင်မြစ်ရေဟာလည်း စိုးရိမ်ရေမှတ်အထက်ကျော်လွန်ကာ ဆက်လက်တည်ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *