September 18, 2024

◾ မြန်မာနိုင်ငံတွင်လည်း ရေလွှမ်းမိုးမှုများအတွင်း သေဆုံးသူ အနည်းဆုံး ၃၆ ဦးရှိနေ

၁၃. ၉. ၂၀၂၄
Translated by Htwe Ko Tun

အရှေ့တောင်အာရှလေးနိုင်ငံဖြစ်သော ဗီယက်နမ်၊ လာအို၊ထိုင်းနှင့် မြန်မာတို့တွင် တိုင်ဖွန်းမုန်တိုင်းနှင့်ဆက်စပ်၍ ဖြစ်ပေါ်ခဲ့သော ဘေးအန္တရာယ်ဆိုးများကြောင့် ဗီယက်နမ်သို့ မုန်တိုင်းစတင်ဝင်ရောက်ခဲ့သည့် စက်တင်ဘာလ ၇ ရက်မှစ၍ သေဆုံးခဲ့သူများမှာ စက်တင်ဘာလ ၁၃ ရက်တွင် အနည်းဆုံး ၂၈၀ ဦးအထိ ရှိလာခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

တိုင်ဖွန်းမုန်တိုင်းက စက်တင်ဘာလ ၇ ရက် မွန်းလွဲပိုင်းတွင် ဗီယက်နမ်နိုင်ငံသို့ ကုန်းတွင်းဝင်ရောက်ခဲ့ပြီးနောက် စက်တင်ဘာလ ၈ ရက်တွင် စတင်၍ အားပျော့သွားခဲ့သည်။ သို့သော် အနောက်ဘက်သို့ ဆက်လက် ရွေ့လျားလာသောမုန်တိုင်းအကြွင်းအကျန် လေပွေလှိုင်းများကြောင့် ဗီယက်နမ်နိုင်ငံအပါအဝင် အရှေ့တောင် အာရှလေးနိုင်ငံတွင် မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းကာ ရေကြီးခြင်း၊ မြေပြိုခြင်းတို့နှင့်အတူ အခြား ဘေးအန္တရာယ်ဆိုးအများအပြားနှင့် ကြုံတွေ့ကြရကာ ဒေသခံပြည်သူများ သေကြေ ဒဏ်ရာရ ပျောက်ဆုံးမှုများ ဖြစ်ခဲ့ရသည်။

၎င်းတို့အနက် ဗီယက်နမ်နိုင်ငံတွင် ရေလွှမ်းမိုးမှုများနှင့်မြေပြိုမှုများအတွင်းသာမက မုန်တိုင်းနှင့်ဆက်စပ်နေသော ဘေးဆိုးများအတွင်း သေဆုံးသူအရေအတွက်မှာ စက်တင်ဘာလ ၁၃ ရက်အထိ ၂၃၃ ဦးရှိကာ အများဆုံးဖြစ်ခဲ့သည်။

မြန်မာနိုင်ငံတွင်လည်း လေပွေလှိုင်းအရှိန်ကြောင့် မိုးအဆက်မပြတ်ရွာသွန်း၍ မြို့တော်နေပြည်တော်၏ အချို့အစိတ်အပိုင်းများအပါအဝင် နိုင်ငံအတွင်းရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့ရာ လမ်းပန်းအဆက်အသွယ်များလည်း ပြတ်တောက်ခဲ့ရသည်။ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ရေလွှမ်းမိုးမှုများအတွင်း သေဆုံးသူ ၃၆ ဦးရှိပြီး ပြည်သူ ၅၀,၀၀၀ ခန့် နေအိမ်များမှရွှေ့ပြောင်းပေးခဲ့ရကြောင်း စက်တင်ဘာလ ၁၃ ရက်တွင်အတည်ပြုထုတ်ပြန်ခဲ့ရာ ဗီယက်နမ်နိုင်ငံပြီးလျှင် မုန်တိုင်းကြောင့်သေဆုံးသူ ဒုတိယ အများဆုံး ဖြစ်ခဲ့ရသည်။ သို့သော် အဆိုပါနှစ်နိုင်ငံ၌ ရေလွှမ်းမိုးမှုများတွင် ပျောက်ဆုံးနေသူများလည်းရှိသေးရာ မုန်တိုင်းအကြွင်းအကျန်လေပွေလှိုင်းကြောင့် သေဆုံးရသူ တိုးလာဖွယ်ရှိသေးကြောင်း ခန့်မှန်းရသည်။

ထိုင်းနိုင်ငံမြောက်ပိုင်းပြည်နယ်များတွင်လည်း မိုးအဆက်မပြတ်ရွာသွန်းမှုများနှင့်အတူ ရာဂီကြောင့် သေဆုံးရသူကိုးဦးရှိပြီဖြစ်ကြောင်း ထိုင်းအစိုးရက စက်တင်ဘာလ ၁၃ ရက်တွင်ပြောကြားခဲ့သည်။

လာအိုနိုင်ငံတွင်လည်း မဲခေါင်မြစ်ရေမှာ စိုးရိမ်ရေမှတ်အထက်ကိုကျော်လွန်ကာ မြို့တော်ဗီယင်တိန်းအပါအဝင် ဒေသအချို့၌ ရေလွှမ်းမိုးမှုများဖြစ်ပေါ်နေရသည်။

Ref & Phot CNA / AFP

Leave a Reply

Your email address will not be published. Required fields are marked *