September 19, 2024

၁၃. ၉. ၂၀၂၄
Written by Nay Moe

KNDF မှ လက်နက်ကိုင် ၁၈ ဦး တောင်ကျချောင်းရေတွင် သေဆုံးသည့်ဖြစ်စဥ်မှာ လူမှုကွန်ရက်တွင် ဝါဒဖြန့်သလို ​ပြည်သူကို ကယ်တင်ရန်မဟုတ်ဘဲ သင်တန်းအတွက် ချောင်းဖြတ်ကူး လေ့ကျင့်ခန်းလုပ်စဥ် သေဆုံးရဟု KNDF က ယနေ့တွင် ဝန်ခံချက် ထုတ်ပြန်သည်။

မူလက KNDF ဆက်နွှယ်သော ထောက်ပို့များနှင့် လက်နက်ကိုင်အားပေးသူများက ရေထဲမျောသွားသည်မှာ KNDF ၂၀ ဖြစ်ကြောင်း၊ ၁၈ လောင်းသာ ပြန်ရကြောင်း၊ ထိုသေဆုံးမှုမှာ ပြ​ည်သူကို ကယ်တင်ရန်ဖြစ်ကြောင်း ဝါဒဖြန့်ခဲ့သော်လည်း KNDF ၏ အဖြစ်မှန် ဝန်ခံချက်တွင်မူ
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ဆေးဌာနမှ ကြီးမှူးဖွင့်လှစ်သော ဆေးသင်တန်းမှ သင်တန်းသားများသည် ၂၀၂၄ ခုနှစ် စက်တက်ဘာလ (၁၁) ရက်နေ့ ညနေတွင် သင်ခန်းစာမစ်ရှင်လေ့ကျင့်ခြင်းပြုလုပ်နေစဉ် ရေချောင်းတခုကိုဖြတ်ကျော်ရန် ကြိုးစားအားထုတ်ရာတွင် မတော်တဆဖြစ်ပွားခဲ့ကာ ဆေးသင်တန်းသား(၁၈)ဦး ရေထဲသို့မျောပါကာ ဆုံးရှုံးခဲ့ရသည်ဟု ဖော်ပြခဲ့သည်။

ထို ဆေးသင်တန်းသည် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်နှင့် တပ်ပေါင်းစုံတို့၏လိုအပ်ချက်အရ ကရင်နီပြည်အတွက် လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုတိုးတက်ကောင်းမွန်ရန် ရည်ရွယ်ချက်ဖြင့် သင်တန်းကို ဖွင့်လှစ်ခဲ့ပြီး ထိုသင်တန်းမှ ဆေးတပ်သားများ တိုးပွားလာစေရန်အတွက်လည်း ရည်မှန်းထားခဲ့သည်။ သို့သော် ယခုကဲ့သို့ မတော်တဆဖြစ်စဉ် ဖြစ်ပေါ်လာခဲ့ပြီး ဆေးသင်တန်းသား (၁၈)ဦး ဆုံးရှုံးခဲ့ရသည့်အပေါ် ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်(KNDF) အနေဖြင့် သက်ဆိုင်ရာမိသားစုဝင်များ၊ တပ်ရင်းတပ်ဖွဲ့များနှင့်အတူ များစွာဝမ်း နည်းကြေကွဲရကြောင်းနှင့် ယခု မတော်တဆဖြစ်စဉ်ကို KNDF ဗဟိုအနေဖြင့် လိုအပ်သည့်စုံစမ်းစစ်ဆေးမှုများပြု လုပ်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့များနှင့် မိဘပြည်သူများကို ထုတ်ပြန်အသိပေးသွားမည် ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

“ဆုံးရှုံးသွားရတဲ့ ဆေးသင်တန်းသားတွေအတွက် မိသားစုနဲ့အတူ တပ်ရင်းတပ်ဖွဲ့တွေနဲ့အတူ များစွာစိတ်မကောင်းဖြစ်ရပါတယ်။ ဖြစ်စဉ်ကို ကျနော်တို့စုံစမ်းစစ်ဆေးမှု့တွေပြုလုပ်ဆောင်ရွက်ပြီး အများပြည်သူကိုချပြ ထုတ်ပြန်သွားပါ့မယ်။ ကောင်းမွန်စွာအနားယူကြပါ ရဲဘော်တို့”ဟု KNDF ဒုတိယစစ်ဦးစီးချုပ် မာဝီက ဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လဆန်းအထိ KNDF လက်နက်ကိုင် ၃၉၆ ဦး သေဆုံးထားသည်ဟု မာဝီက ဝန်ခံထားသလို လက်ရှိသေဆုံးမှုကြောင့် နွေဦးတော်လှန်ရေးသုံးနှစ်အတွင်း KNDF တပ်ဖွဲ့ဝင် ၄၂၀ ကျော် သေဆုံးထားပြီးဖြစ်သည်။ (Photo – KPV & CJ)

Leave a Reply

Your email address will not be published. Required fields are marked *