
3.10.2022 Oil Price
MT News
Written by Tha Doe
စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများအနေဖြင့် စက်သုံးဆီဖိုး ပေးချေမှုအတွက် အမေရိကန်ဒေါ်လာအပြင် တရုတ်ယွမ်ငွေဖြင့်ပါ ပေးချေနိုင်သည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်က စက်တင်ဘာ ၃၀ ရက်စွဲတွင် ကြေညာအပြီး ပြည်တွင်းစက်သုံးဆီစျေးကွက်အတွင်း 92 Ron တစ်လီတာ ကျပ် ၁၉၅၀ နှုန်းဖြင့် ကျပ် ၂၀၀၀ အောက်သို့ ကျဆင်းကာ ကျန်သောဆီအမျိုးအစားများတွင်လည်း ကျပ် ၁၀၀ ဝန်းကျင်စျေးနှုန်းကျဆင်းခဲ့ကြောင်း အောက်တိုဘာ ၃ ရက် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ရည်ညွှန်းစျေးနှုန်းများအရ သိရသည်။
နိုင်ငံခြားသုံးငွေ ကြီးကြပ်မှု ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ စက်သုံးဆီကုမ္ပဏီများ ရယူထားပြီး ဖြစ်သည့် လဲလှယ်ရေးအထောက်အကူပြုပစ္စည်း ပမာဏအချို့ကို ယွမ်ငွေဖြင့် ပေးချေခွင့်ပြုသကဲ့သို့ လာမည့်စက်သုံးဆီဖိုး ပေးချေမှုများအတွက် ယွမ်ငွေဖြင့်ပါ ပေးချေခွင့် ပြုလိုက်ပြီးနောက် အောက်တိုဘာ ၁ ရက် စက်သုံးဆီစျေးကွက်တွင် ရန်ကုန်၌ 92 Ron တစ်လီတာ၂၀၄၅ ကျပ်၊ 95 Ron တစ်လီတာ၂၁၁၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၄၆၀ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာ ၂၅၄၅ ကျပ် ရှိဖြစ်ပေါ်ခဲ့သည်။ အဆိုပါစျေးနှုန်းများမှာ ယမန်နေ့စျေးနှုန်းအရ 92 Ron တစ်လီတာ ၁၅ကျပ်၊ 95 Ron တစ်လီတာ ၃၅ ကျပ်၊ ဒီဇယ်နှင့် ပရီမီယံ တစ်လီတာလျှင့် ၁၁၅ ကျပ်စီ ဈေးနှုန်းထပ်မံကျဆင်းကာ နေပြည်တော်၊ မန္တလေးနှင့် အခြားမြို့ကြီးများတွင်လည်း ဓာတ်ဆီဈေး အနည်းငယ်ထပ်ကျပြီး ဒီဇယ်ဈေးများလည်း တစ်လီတာ ကျပ် တစ်ရာကျော်ကျဆင်းသွားသည်ကို တွေ့ရသည်။
ထို့နောက် အောက်တိုဘာ ၂ ရက် တနင်္ဂနွေနေ့ တွင်လည်း အောက်တိုဘာ ၁ ရက်စျေးနှုန်းများဖြင့် ဆက်လက်ရောင်းချခဲ့ပြီး အောက်တိုဘာ ၃ ရက်တွင် 92 Ron တစ်လီတာ ၁၉၅၀ ကျပ်၊ 95 Ron တစ်လီတာ ၂၀၂၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၃၆၅ ကျပ်နှင့် ပရီမီယမ်ဒီဇယ်တစ်လီတာ ၂၄၅၀ ကျပ် ဖြစ်ပေါ်ကာ ယမန်နေ့များထက် တစ်လီတာလျှင် ၉၅ ကျပ်နှုန်းဆီ ကျဆင်းခဲ့သည်ဟု သိရသည်။
နိုင်ငံခြားငွေလဲလှယ်နှုန်းကျဆင်းစေရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် လိုအပ်သည့် မူဝါဒဆိုင်ရာ တုံ့ပြန်မှုများကို ဆောင်ရွက်နေသည့်အတွက် အမေရိကန်ဒေါ်လာမှာ ကျဆင်းလာနိုင်ပြီး ဖြစ်သင့်သည့် နှုန်းထားကို တဖြည်းဖြည်း ရောက်ရှိလာမည်ဟု သုံးသပ်ထားပြီး ဗဟိုဘဏ်၏ လုပ်ဆောင်မှုများကြောင့် ယခင် ဩဂုတ် ၁ ရက်က တစ်ဒေါ်လာ ၄၅၀၀၊ ၅၀၀၀ အထိ ဆွဲခေါ်ခံရသည့် ဒေါ်လာစျေးမှာ အောက်တိုဘာ ၁ ရက်၊ ၂ ရက်နေ့များတွင် တစ်ဒေါ်လာ ကျပ် ၂၅၀၀ နှင့် ကျပ် ၂၈၀၀ အကြား ကြိုက်ရောင်းကြိုက်ဝယ်အနေအထားသို့ စျေးနှုန်း ကျဆင်းလာခဲ့သည်။