September 19, 2024

◾️ သာစည်မြို့နယ်တွင် မိုးရေချိန် ၈ ဒသမ ၆၆ လက်မ ရွာသွန်းခဲ့မှုကြောင့် ၁၆,၃၀၁ ဧက ရေလွှမ်းမိုးခံခဲ့ရသလို ရန်ကုန်-ပြည်လမ်းမှာလည်း ရေကျော်မှုများဖြစ်ပွားနေ

သာစည်မြို့နယ် မိတ္တီလာ-တောင်ကြီးကားလမ်း နေရာအချို့တွင် ရေကျော်မှုနှင့် လမ်းသားပဲ့ကျမှုများဖြစ်ပေါ်နေ၍ ယာဉ်သွားအလာများ ရပ်တန့်ထားရ

၁၃. ၉. ၂၀၂၄၅
Written by Nyein Kyaw

မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် အိမ်ထောင်စု ၂၉၁ စုတို့မှ လူဦးရေ ၁၂၁၉ ဦးနှင့် တိရစ္ဆာန်ကောင်ရေ ၁,၁၁၃ ကောင်တို့အား ရေဘေးလွတ်ကင်းရာ နေရာများသို့ ရွှေ့ပြောင်းကယ်ဆယ်ခြင်းလုပ်ငန်း ‌ဆောင်ရွက်ပေးနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ယနေ့တွင် ထုတ်ပြန်ထားသည်။

စဉ့်ကိုင်မြို့နယ်တွင် စက်တင်ဘာ ၈ ရက်နေ့မှစတင်၍ မိုးများအဆက်မပြတ် ရွာသွန်းခဲ့သည့်အတွက် စဉ့်ကိုင်မြို့တွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသည့် မြို့အ‌ရှေ့ဘက်ရှိ ဇော်ဂျီမြစ်နှင့် အနောက်ဘက်ခြမ်းရှိ ပန်းလောင်မြစ်‌တို့မှ စက်တင်ဘာလ ၁၂ ရက်မှစတင်၍ မြစ်ရေမြင့်တက်မှုကြောင့် ကျေးရွာများအတွင်း ရေဝင်ရောက်လျက်ရှိသည်။

ထိုသို့ မြစ်ရေမြင့်တက်မှု‌ကြောင့် ဇော်ဂျီမြစ်ဘေးရှိ ဘယ်လင်းကျေးရွာအုပ်စု သပြေပင်ကျေး‌ရွာ၊ ဉာဏ်ကွေ့ကျေးရွာ၊ တောမကျေးရွာအုပ်စု ပင်းချာကျေးရွာ၊ ပတ္တာကျေးရွာ၊ မိုးကောင်းကျေးရွာအုပ်စု ဇော်ဂျီကျေးရွာ၊ ကံသစ်ကျေးရွာအုပ်စု ကံသစ်ကျေးရွာနှင့် ပန်းလောင်မြစ်ဘေးရှိ အုန်းလက်ကောက်ကျေးရွာအုပ်စု၊ အုန်လက်ကောက်ကျေးရွာ၊ ဝန်းသိုကျေးရွာအုပ်စု ဝန်ပတေ့(မြောက်) ကျေးရွာ၊ ဝန်ပတေ့ (တောင်) ကျေးရွာ စသည့်ကျေးရွာပေါင်း ၉ ရွာတို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် စက်တင်ဘာ ၁၀ ရက်နေ့မှ ယနေ့အထိ မိုးရေချိန် ၈ ဒသမ ၆၆ လက်မရွာသွန်းခဲ့မှုကြောင့် ၁၆၃၀၁ ဧက ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ကြောင်း သာစည်မြို့နယ်မြေစာရင်းဦးစီးဌာနထံမှ သိရသည်။

အဆိုပါမိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ကျေးရွာအုပ်စုပေါင်း ၄၅ အုပ်စု၊ ကွင်းပေါင်း ၁၉၁ ကွင်း၊ တောင်သူပေါင်း ၅၇၁၆ ဦး၊ ဦးပိုင်ပေါင်း(၈၀၃၉)ဦးပိုင်တွင် မိုးစပါး ၄၁၈၄ ဧက၊ မိုးဝါ ၁၂၂၀ ဧက၊ ပဲတီစိမ်း ၂၆၄၁ ဧက၊ ကျွဲနွားစာ ၆၅၇ ဧက၊ ဟင်းသီးဟင်းရွက် ၇၆၂ ဧက၊ ပဲစဉ်းငုံ ၁၂၆၉ ဧက၊ နေကြာ ၃၃၈ ဧက၊ ငရုတ် ၃၅၂၆ ဧကနှင့် နှံစားပြောင်း ၁၄၃၇ ဧက၊ မြေပဲ ၂၆၂ ဧက၊ သစ်သီးပင် ၅ ဧက၊ စုစုပေါင်း ၁၆၃၀၁ ဧက ရေလွှမ်းမိုးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စက်တင်ဘာ ၁၂ ရက် ယမန်နေ့မှစတင်၍ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် စက်တင်ဘာ ၁၂ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မင်းဘူးချောင်းနှင့် ဘော်ဘင်ချောင်းတို့မှ တောင်ကျရေ လျှံတက်ခဲ့ပြီး စက်တင်ဘာ ၁၃ ရက်နေ့တွင် မင်းဘူးချောင်းတစ်လျှောက်ရှိ ကျေးရွာနှင့် ရပ်ကွက်များသို့ ရေဝင်ရောက်လျက်ရှိပြီး ရန်ကုန်-ပြည်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၂၈/၂)တွင် ကားလမ်းပေါ်ရေ ၈ လက်မခန့်ကျော်နေသည့်အတွင် သွားလာလှုပ်ရှားနေသော မော်တော်ယာဉ်နှင့် ပြည်သူများ အန္တရာယ်ကင်းရှင်းရေးအတွက် အသိပေး၊ သတိပေးဆောင်ရွက်ခြင်းများကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ကူညီကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကြာနီကန်ရပ်ကွက်၊ ပြည်- ရန်ကုန်ကားလမ်းမကြီး မိုင်တိုင်အမှတ် ၁၉၆/ ၁ နှင့် ၁၉၆/ ၂ အကြား မိုးသည်းထန်စွာရွာသွန်းမှုအရှိန်ကြောင့် တောင်ကျရေများစီးဆင်း၍ ကားလမ်းမပေါ် ၁ ပေခွဲခန့်ရေကျော်မှုဖြစ်ပွားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တို့တွင်လည်း စစ်တောင်မြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ မိတ္ထီလာ-တောင်ကြီးသွားကားလမ်း နေရာအချို့၌ ရေကျော်မှုနှင့် လမ်းသားပဲ့ကျမှုများဖြစ်ပွားနေ၍ ယာဉ်အသွားအလာများ အန္တရာယ်ကင်းစေရေးအတွက် ယာဉ်အသွားအလာများ ရပ်တန့်ထားစေကြောင်းနှင့် လမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို မြို့နယ်လမ်းဦးစီးဌာနနှင့် တောင်ပေါ်ဒေသ လမ်းဆောက်လုပ်ရေးကုမ္ပဏီတို့က ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

ရေကျော်မှုများဖြစ်ပွားရာတွင် မိုင်တိုင် (၂၁/၀-၂၁/၃) အထိ (၃) ဖာလုံခန့်၊ မိုင်တိုင်(၂၂/၆-၂၂/၇) အတွင်း (၁)ဖာလုံ ခန့်၊မိုင်တိုင် (၄၅/၄-၄၅ /၇) အတွင်း (၂) ဖာလုံခန့်တို့တွင် ရေအမြင့် ၂ ပေခန့်လမ်းပေါ် ရေကျော်လျက်ရှိပြီး မိုင်တိုင် (၄၃/၆-၄၃/၇) အတွင်း (၁)ဖာလုံခန့်တွင် ရေအမြင့်(၄)ပေခန့် လမ်းပေါ် ရေကျော်လျက်ရှိကြောင်း သိရသည်။

မိုင်တိုင် (၂၈/၄-၂၈/၅) အတွင်း (ယာဘက်) အလျား ၂ ပေ အကျယ် ၃ ပေခန့်၊ မိုင်တိုင်(၄၀/၀-၄၀/၃) အတွင်း (ဝဲဘက်) အလျား ၂ ဒသမ ၅ ဖာလုံ အကျယ် ၅ ပေခန့်၊ မိုင်တိုင် (၄၅/၇၄၆/၀) အတွင်း(ဝဲဘက်) အလျား ၁၅၀ ပေ အကျယ် ၅ ပေခန့်၊ မိုင်တိုင်(၄၆/၁၄၆/၃)အတွင်း (ဝဲဘက်) အလျား(၂)ဖာလုံခန့် အကျယ် ၆ ပေခန့်နှင့် မိုင်တိုင်(၄၇/၂၄၇/၃)အတွင်း (ဝဲဘက်)အလျား ပေ ၃၀၀ ခန့် အကျယ် ၁၄ ပေခန့်တို့ ကတ္တရာလမ်းသားများပဲ့ကျလျက်ရှိကြောင်း သိရသည်။

မိုင်တိုင် (၄၂/၂-၄၂/၃)အတွင်း ၂၅ ပေခန့်နှင့် မိုင်တိုင် (၄၇/၄-၄၇/၅) အတွင်း ပေ ၃၀ ခန့် တောင်ပြိုမြေများအား ရှင်းလင်းဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။ အလားတူ ပျော်ဘွယ်-ဘုရားငါးဆူလမ်းတွင် လမ်းပိုင်းရေကျော်မှုနှင့် လမ်းသားပဲ့ကျမှုများဖြစ်ပွားခဲ့ရာ မိုင်တိုင်(၁၀/၀-၁၀/၃)အတွင်း (၃) ဖာလုံခန့်တွင် ရေအမြင် ၂ ပေခန့် လမ်းပေါ်ရေကျော်လျက်ရှိပြီး မိုင်တိုင် (၁၁/၅-၁၁/၆) အတွင်း (၁) ဖာလုံခန့်တွင် ရေအမြင့် ၉ လက်မခန့် လမ်းပေါ်ရေကျော်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *