September 19, 2024

◾ ယူကရိန်းစစ်ပွဲက ပိုမို ကျယ်ပြန့်လာလေမလား စိုးရိမ်ဖွယ်ဖြစ်လာ

၁၃. ၉. ၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်အစိုးရအနေနဲ့ ယူကရိန်းအစိုးရအတွက် အထောက်အပံ့ပေးထားတဲ့လက်နက်တွေကို ရုရှားနိုင်ငံအတွင်းပိုင်းသို့တိုက်ခိုက်ရာမှာ အသုံးပြုမှုအတွက် ကန့်သတ်ထားတာ ပယ်ဖျက်ရဖွယ်ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က အရိပ်အမြွက်ပြောခဲ့ပြီးတဲ့နောက်မှာတော့ ရုရှားသမ္မတ ပူတင်ကလည်း အနောက်အုပ်စုက တာဝေးပစ်ဒုံးကျည်တွေကို ယူကရိန်းကို အသုံးပြုခွင့်ပေးခဲ့ရင် ရုရှားနဲ့ နေတိုးအုပ်စု ရင်ဆိုင်စစ်ပွဲဆင်နွှဲကြရလိမ့်မယ်လို့ စက်တင်ဘာလ ၁၂ ရက်မှာ တုံ့ပြန် သတိပေးပြောကြားခဲ့ပါတယ်။

အမေရိကန်နဲ့ ယူနိုက်တစ်ကင်းဒမ်းနိုင်ငံတို့က အနောက်အုပ်စုက ယူကရိန်းကို ထောက်ပံ့ထားတဲ့ တာဝေးပစ်ဒုံးကျည်တွေကို ရုရှားနိုင်ငံအတွင်းပိုင်းဆီ တိုက်ခိုက်ရာမှာအသုံးပြုဖို့ ကန့်သတ်မှုတွေကို ဖြေလျှော့ပေးဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ယူကရိန်းအစိုးရကလည်း ဒီအတွက်တောင်းဆိုလာတာ နှစ်နဲ့ချီနေပါပြီ။

သမ္မတပူတင်က သတင်းထောက်တစ်ဦးကိုပြောခဲ့ရာမှာ “ဒီလိုဆောင်ရွက်မှုက ပဋိပက္ခရဲ့ သဘာဝအနေအထားကို သိသိသာသာပြောင်းလဲစေမှာပါ။ ပြောရရင် စစ်ပွဲက ရုရှားနဲ့ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေပါတဲ့ နေတိုးအုပ်စုအကြားဖြစ်လာရမှာပဲ။ ကျွန်တော်တို့အနေနဲ့ကတော့ တွေ့လာရမယ့် ခြိမ်းခြောက်မှုတွေအပေါ် အခြေခံပြီး သင့်တော်တဲ့ဆုံးဖြတ်ချက်တွေချမှတ်သွားရမှာဖြစ်တယ်” လို့ ပြောခဲ့ပါတယ်။

ဒါ့ပြင် သမ္မတပူတင်က ယူကရိန်းအနေနဲ့ ရုရှားနိုင်ငံအတွင်းပိုင်းကို ဝင်တိုက်ဖို့ဆုံးဖြတ်ချက်ကိုက နေတိုး နိုင်ငံတွေအနေနဲ့ စစ်ရေးပဋိပက္ခမှာ တိုက်ရိုက်ဆက်စပ်ပတ်သက်နေမှုရှိမရှိကို ပြတာပဲလို့ ဆိုခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က အမေရိကန်အစိုးရအနေနဲ့ ယူကရိန်းအစိုးရကို အထောက်အပံ့ပေးထားတဲ့လက်နက်တွေကို ရုရှားနိုင်ငံအတွင်းပိုင်းသို့တိုက်ခိုက်ရာမှာ အသုံးပြုမှုအတွက် ကန့်သတ်ထားတာကို ပယ်ဖျက်ရဖွယ်ရှိတယ်လို့ အရိပ်အမြွက်ပြောခဲ့ပြီးနောက်တစ်နေ့မှာပဲ ပူတင်က အခုလို ပြန်လည်တုံ့ပြန်သတိပေးလာတာပါ။ ယူကရိန်းက အနောက်အုပ်စုဆီကရထားတဲ့ တာဝေးပစ် လက်နက်တွေကိုသုံးပြီး ရုရှားနိုင်ငံအတွင်းပိုင်းက စစ်ပွဲနဲ့ပတ်သက်တဲ့ အရေးကြီးပစ်မှတ်တွေကို တိုက်ခိုက်လာနိုင်ဖွယ်လည်း ရှိနေပါတယ်။

ယူကရိန်းနိုင်ငံ၊ ကီးအက်ဗ်မြို့မှာ ဘလင်ကန်က ယူနိုက်တစ်ကင်းဒမ်းနိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လမ်မီနဲ့အတူတွေ့ဆုံခဲ့ရာမှာ ယူကရိန်းနိုင်ငံမှာ စစ်မြေပြင်အခြေအနေက ပြောင်းလဲနေလို့ အမေရိကန်အစိုးရရဲ့မူဝါဒတွေကိုလည်း ညှိနှိုင်းပြင်ဆင်ရလိမ့်မယ်။ အီရန်က ရုရှားကို တိုက်ချင်းပစ်ဒုံးပျံတွေ ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာပေးပို့ခဲ့တယ်လို့ စွပ်စွဲခဲ့ပြီး ဒါက အမေရိကန်နဲ့ ယူကေတို့ရဲမဟာဗျူဟာမြောက် အယူအဆကို ပြောင်းလဲစေခဲ့တာပဲလို့ စက်တင်ဘာလ ၁၁ ရက်က ပြောခဲ့ပါတယ်။

ယူကေအစိုးရသတင်းအရင်းအမြစ်တွေအရလည်း ယူကေအနေနဲ့ Storm Shadow ခရု့စ်ဒုံးကျည်တွေကို ရုရှားနိုင်ငံအတွင်းပိုင်းပစ်မှတ်တွေကို တိုက်ခိုက်ရာမှာအသုံးပြုဖို့ ယူကရိန်းအစိုးရကို ခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ယူကေဝန်ကြီးချုပ် ကီယားစတားမာက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဝါရှင် တန်ဒီစီမြို့မှာ စက်တင်ဘာလ ၁၃ ရက်မှာ တွေ့ဆုံရာမှာတော့ ဒီကိစ္စကို လူသိရှင်ကြားထုတ်ဖော်ကြေညာဖွယ်မရှိဘူးလို့ မျှော်လင့်ရပါတယ်။

တကယ်လို့သာ ယူကရိန်းစစ်ပွဲမှာ တာဝေးပစ်ဒုံးကျည်လက်နက်တွေကို နှစ်ဖက်စလုံးက ကျယ်ပြန့်စွာ သုံးလာကြမယ်ဆိုရင် နှစ်နိုင်ငံစစ်ပွဲမှသည် အနည်းဆုံးဒေသတွင်းနိုင်ငံများထိ ကျယ်ပြန့်လာလေမလား စိုးရိမ်ဖွယ်လည်း ဖြစ်နေရပါတယ်။

Ref- The Guardian

Leave a Reply

Your email address will not be published. Required fields are marked *