September 18, 2024

◾️ နေပြည်တော်ရှိ ရေလှောင်တမံများအနက် ပေါင်းလောင်ရေလှောင်တမံ ရေကျော်မှုနှင့် ငလိုက်ရေလှောင်တမံ ရေပြည့်မှုသာရှိပြီး ကျန်ဆည်ရေလှောင်တမံများ ရေပြည့်အမှတ်ကိုပင် မရောက်ရှိသေး

၁၃. ၉. ၂၀၂၄
Written by Nyein Kyaw

ရေဆင်းဆည်တွင် ကန်ရေပြည့်အမှတ်ရောက်ရန် ၇ ပေခန့်လိုနေသေးသဖြင့် ရေပိုလွှဲမှ မူလချောင်းသို့ ရေစီးဆင်းမှုပင် မရှိသေးကြောင်းနှင့် လက်ရှိ ဖြစ်ပေါ်နေသော ရေဆင်းဆည်မှ ရေလွှတ်မည်၊ ရေဖောက်ချမည်ဆိုသည့် သတင်းမှာ သတင်းအမှားများသာဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အသိပေးကြေညာထားသည်။

စက်တင်ဘာ ၁၂ ရက်(ယမန်နေ့) နံနက်ပိုင်းတွင် ရေဆင်းဆည်ကျိုးကျမှုမရှိသော်လည်း ရေလျှံနေ၍ ရေများလွှတ်ချနေကြောင်း သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် အထက်ပါအတိုင်း အသိ‌ပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဆည်ရေလှောင်တမံများအနေဖြင့် ပေါင်းလောင်းရေလှောင်တမံ၌ ကန်ရေပြည့်အမှတ်ကျော်လွန်၍ ရေပိုလွှဲမှ ၆ ပေခန့် ရေကျော်ကျလျက်ရှိပြီး ငလိုက်ရေလှောင်တမံတွင် ကန်ရေပြည့်အမှတ်သို့ ရောက်ရှိပြီဖြစ်ကြောင်း၊ ကန်ရေပြည့်အမှတ်ရောက်ရန် ဆင်သေတမံတွင် ၁၉ ပေခန့်၊ တောက်ပြိုတမံနှင့် မဒန်းတမံတို့တွင် ၁၁ ပေကျော်၊ မြို့လှတမံတွင် ၁၃ ပေကျော်၊ ချောင်းမငယ်တမံတွင် ၅ ပေကျော်၊ ဖောင်းလောင်တမံနှင့် သဲဖြူတမံတို့တွင် ၃ ပေကျော်၊ မုန်းချောင်းတမံတွင် ၂ ပေ လိုသေးကြောင်း ထုတ်ပြန်ထားသည်။

ကန်ရေပြည့်အမှတ်ကျော်လွန်လာ၍ ရေပိုလွှဲမှ စီးဆင်းလျက်ရှိသော ပေါင်းလောင်းရေလှောင်တမံမှ ရေများသည် မူလပေါင်းလောင်းချောင်းအတွင်း စီးဝင်၍ စစ်တောင်းမြစ်အတိုင်း စီးဆင်းလျက်ရှိကြောင်း အသိပေးထုတ်ပြန်ထားသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း လတ်တလောတွင် ရေဘေးသင့် ရပ်ကွက်/ကျေးရွာအုပ်စု ၄၃ စု၊ အိမ်ထောင် စုပေါင်း ၁၆,၃၇၃ စုတို့မှ လူဦးရေ ၇၄,၂၉၅ ဦးတို့ကို သက်ဆိုင်ရာ မြို့နယ်အလိုက် ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်စခန်း ၂၆ ခုတွင် ကူညီကယ်ဆယ်နေရာချ‌ထားပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှ ယမန်နေ့တွင် အသိ‌ပေးထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *