September 19, 2024

၁၃. ၉. ၂၀၂၄
Written by Thettant

ရာဂီမုန်တိုင်းအရှိန်ကြောင့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း စံချိန်တင် မိုးသည်းထန်စွာရွာသွန်းမှုမှာ ရှေးဟောင်းအဆောက်အအုံ ၉ ခု အနည်းငယ်ထိခိုက် ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။

ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း စက်တင်ဘာလ ၁၁ ရက်၊ ၁၂ ရက်တို့မှာ မိုးသည်းထန်စွာရွာသွန်းမှုပြီး စက်တင်ဘာ ၁၂ ရက်မှာ မိုးရေချိန် ၈.၅၁ လက်မရွာသွန်းခဲ့ပြီး အရင်စံချိန်ဟောင်းက ၂၀၀၀ ပြည့်နှစ်က ၃ ဒသမ ၆ လက်မသာဖြစ်လို့ စံချိန်သစ် နှစ်ဆကျော်တင်ခဲ့တာဖြစ်သလို လေကြောင်းမိုးလေဝသစခန်း ဖွင့်လှစ်တဲ့ ၃၅ နှစ်အတွင်း အမြင့်ဆုံး မိုးရေချိန် စံချိန်သစ်တင်ခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုး စံချိန်တင် မိုးရွာတာကြောင့် ဘုရားအမှတ်-(၁) ရွှေစည်းခုံဘုရားတောင်ဘက်စောင်းတန်း၊ ခြင်္သေ့ရုပ်မြောက်ဘက်ကပ်လျက် အုတ်တံတိုင်းအနည်းငယ်ပဲ့ကျတာ၊ ဘုရားအမှတ်-(၁၅၉၇) သဗ္ဗညုဘုရား မြောက်ဘက်တံတိုင်းမုခ် အနောက်ဘက်ခြမ်းအုတ်များပဲ့ကျတာ၊ ဘုရားအမှတ်-(၁၈၁၂) ထီးလိုမင်းလိုဘုရား မဟာရံတံတိုင်းမြောက်ဘက် ချဉ်မိတ်တိုး၊ အရှေ့ဘက်အဝင်မုခ် အနည်းငယ်ပဲ့ကျတာ၊ ဘုရားအမှတ်- (၁၈၂ – ငှက်ပစ်တောင်အစု)ရင်ပြင် အုတ်ခုံ ပဲ့ကျတာ၊ ဘုရားအမှတ်- (၁၆၇ – ငှက်ပစ်တောင်အစု) ဓမ္မစေတီဘုရား ပစ္စယံအောက်ပိုင်းပဲ့ကျတာ၊ ဘုရားအမှတ်- (၁၀၄၂) ဆင်က အုတ်တိုက် နံရံနှစ်ဘက် ပေါင်းကူးအမိုးပြိုကျတာ၊ ဆင်ဖြူရှင်ရေကန် မြောက်ဘက်ခြမ်းရေကန်ပဲ့ကျတာ၊ ဘုရားအမှတ် – (၇၁၁) လက်ပွတ်ကန်ဘုရား ဘုရားရင်ပြင်ခုံ အရှေ့ဘက်ခြမ်းနဲ့ တံတိုင်းအတွင်းဘက် မြောက်ဘက်ခြမ်း အုတ်များပဲ့ကျတာ ဘုရားအမှတ် – (၃၄၅ ) မှာ ဘုရား အနောက်တောင်ထောင့်နဲ့ အနောက်ဘက် အောက်ခြေခုံပဲ့ကျတာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနကလည်း ဒီနေ့မနက်မှာ သတင်းဖော်ပြထားပါတယ်။

ပုဂံကမ္ဘာ့အမွေအနှစ်ဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထိခိုက်မှုဖြစ်ပေါ်ခဲ့တဲ့ ရှေးဟောင်းအဆောက်အအုံတွေကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးခဲ့တယ်လို့ ပုဂံဌာနခွဲက ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းကလည်း ပုံနဲ့တကွဖော်ပြထားပြီး ရှေးမူမပျက်ပြန်လည်ပြင်ဆင်နိုင်ရေး ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

ပုံစာ။ ဆင်ကဘုရားပြိုကျခဲ့မှုနှင့် စံချိန်တင်မိုးကြောင့် ပုဂံဘုရားအချို့ ထိခိုက်မှု မြင်ကွင်းများ (Photo – Kyaw Myo Win)

Leave a Reply

Your email address will not be published. Required fields are marked *