September 19, 2024

၁၃. ၉. ၂၀၂၄
Written by Thettant

ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်မှာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နံနက်ပိုင်းက YBS ၂၂ ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။

YBS -၂၂ ယာဥ် မီးလောင်မှုဖြစ်စဥ်က အောက်ကြည့်မြင်တိုင်လမ်းနဲ့ အလုံလမ်းမီးပွိုင့်ထောင့် Hotel Grand Vista ရှေ့မှာ ဒီနေ့ မနက် ၁၀ နာရီ ၄၂ မိနစ်ခန့်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဥ်အတွင်းပိုင်းနဲ့ တစ်စီးလုံးနီးပါး မီးလောင်ခဲ့သလို ခရီးသည်အချို့ အနည်းငယ် ထိခိုက်မှုရှိတယ်လို့ ကနဦးသိရပေမဲ့ ပျက်စီးဆုံးရှုံးမှုနဲ့ မီးလောင်မှု ဖြစ်စဥ်ကိုတော့ စိစစ်နေဆဲလို့ သိရပါတယ်။

“အောက်ကြည့်မြင်တိုင်လမ်းနဲ့ အလုံမီးပွိုင့်ထိပ်မှာ လောင်သွားတာ။ လောင်တာကလည်း မီးတော်တော်များတယ်။ ကားက သခင်မြပန်းခြံဘက်ကနေ ထွက်လာခါစပဲရှိသေးတယ်။ ခရီးသည်က နည်းနည်းပဲပါလာတာ။ မီးခိုးတွေ အူထွက်လာပြီးမှ လောင်တာဆိုတော့ ထိခိုက်သူတော့မရှိဘူး။ မီးခိုးမွှန်တော့၊ ကြောက်အားလန့်အားပြေးဆင်းတော့ အနည်းအကျဥ်းပဲထိခိုက်တာ တွေ့ရတယ်။ ဘယ်ကဖြစ်တာလဲ၊ ဝါယာကဖြစ်တာလား။ ချက်ချင်းရောက် ချက်ချင်းထွက်လို့ အင်ဂျင်ပူပြီးဖြစ်တာလားတော့ မသိဘူး”လို့ ဖြစ်စဥ်ကို မြင်တွေ့ခဲ့သူတစ်ဦးက ပြောပါတယ်။

အခင်းဖြစ်နေရာဆီ အလုံမြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁ စီးနဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး ၁၀ နာရီ မိနစ် ၅၂ မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့လည်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ပုံစာ။ YBS – ၂၂ ယာဥ် မီးလောင်နေမှုမြင်ကွင်း (Photo – CJ)

Leave a Reply

Your email address will not be published. Required fields are marked *