September 19, 2024

၁၃. ၉. ၂၀၂၄
Written by Nyein Kyaw

အရှေ့အလယ်ပိုင်းနိုင်ငံများတွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရ၍ မြန်မာအလုပ်သမားများက တိုင်ကြားမှုများပြုလုပ်ရာတွင် ကျူးလွန်သူ ပွဲစားနှင့်အေးဂျင့်များ၏ အချက်အလက် အတိအကျမရှိခြင်းတို့ကြောင့် ကျူးလွန်သူများကို စစ်ဆေးအ‌ရေးယူရန် အခက်အခဲရှိနေကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ယနေ့တွင် ဖြေကြားထားသည်။

အရှေ့အလယ်ပိုင်းနိုင်ငံများဖြစ်သည့် ဒူဘိုင်း၊ ဆော်ဒီ၊ အိုမန် စသည့်နိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်ကြသူများ အဆင်မပြေမှုများကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲဝန်ကြီးဌာနတို့က ပြန်လည်ခေါ်ဆောင်ပေးခဲ့ရမှုများရှိပြီး အလုပ်သမားများ အခက်အခဲများကြုံခဲ့ရသဖြင့် မည်ကဲ့သို့ အရေးယူဆောင်ရွက်သနည်းဆိုသည်နှင့် ပတ်သက်ပြီး မီဒီယာများက မေးမြန်းမှုအပေါ် အလုပ်သမားဝန်ကြီးဌာနက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

အလုပ်သမားဝန်ကြီးဌာန၏ ဖြေကြားချက်တွင် “အရှေ့အလယ်ပိုင်းနိုင်ငံများတွင် အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံရ၍ နစ်နာသူများမှ တိုင်ကြားမှုများပြုလုပ်ရာတွင် ဌာနမှ တရားစွဲဆို အရေးယူဆောင်ရွက်နိုင်ရေး စစ်ဆေးဆောင်ရွက်ရာ၌ ၎င်းတို့အား ပို့ဆောင်ခဲ့သည့် ပွဲစားများ၊ အေးဂျင့်များမှာ ပြည်ပ အလုပ်အကိုင်အကျိုးဆောင် လိုင်စင်မရရှိသူများ၊ တရားဝင်ကိုယ်စားလှယ်အဖြစ် မှတ်ပုံတင်ထားခြင်း မရှိသူများဖြစ်၍ တိုင်ကြားစာပါ လိပ်စာများတွင် နေထိုင်မှုမရှိဘဲ တိမ်းရှောင်နေခြင်း၊ တိုင်ကြားသူများမှလည်း ပွဲစားများ၏ နေရပ်လိပ်စာအမှန်နှင့် မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းကဲ့သို့သော အရေးကြီးစာရွက်စာတမ်းများကို မသိရှိရခြင်း၊ ငွေပေးငွေယူ စာချုပ်စာတမ်းများ ချုပ်ဆိုထားမှု မရှိခြင်းများကြောင့် စစ်ဆေးအရေးယူရန် ခက်ခဲလျက်ရှိကြောင်း တွေ့ရှိရပါသည်” ဟု ပြန်လည်ဖြေကြားထားသည်။

ထို့အတွင် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် ဒုက္ခရောက်သူများနှင့်ပတ်သက်၍ အခက်အခဲမျိုးစုံ ကြုံတွေ့ နေရသူများအား မိခင်နိုင်ငံသို့ ပြန်လာနိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် ပူးပေါင်းချိတ်ဆက် ကူညီဆောင်ရွက်ပေးလျက်ကြောင်း အသိပေးဖြေကြားထားသည်။

လက်ရှိတွင် ဝန်ကြီးဌာနအနေဖြင့် တရားဝင်အသိအမှတ် ပြုလက်မှတ်ထုတ်ပေးထားသော ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများအစီအစဉ်ဖြင့် ကာတာနိုင်ငံ၊ ယူအေအီးနိုင်ငံ၊ အိုမန်နိုင်ငံ၊ ဂျော်ဒန်နိုင်ငံ စသည့် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ အလုပ်သမားများ စေလွှတ်လျက်ရှိပြီး အေဂျင်စီ အစီအစဉ်ဖြင့် စေလွှတ်သည့် အလုပ်သမားများ ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပေါ် လာပါက သက်ဆိုင်ရာအေဂျင်စီအား အမှုပြီးပြတ်သည်အထိ တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် သွားရောက်ဖြေရှင်းစေခဲ့ကာ ဝန်ကြီးဌာနမှလည်း အချိန်နှင့်တစ်ပြေးညီ ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း အသိပေးထားသည်။

မြန်မာအလုပ်သမားများအနေဖြင့် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ အိမ်အကူလုပ်ငန်းနှင့် အခြားအထွေထွေ လုပ်သားများအဖြစ် လုပ်ကိုင်ရန် တရားမဝင်သွားရောက်လုပ်ကိုင်လျက်ရှိကြပြီး ဝန်ဆောင်ခများ အဆမတန်ပေးရခြင်း၊ လုပ်အားခများ ခေါင်းပုံဖြတ်ခံရခြင်း၊ အဓမ္မခိုင်းစေခံရခြင်း၊ လူကုန်ကူးခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ အနိုင်အထက်ပြုကျင့်ခံရခြင်း၊ ရိုက်နှက်နှိပ်စက်ခံရခြင်း၊ အခန်းပိတ်ခံရခြင်း၊ အစားအစာများ မကျွေးမွေးခြင်း၊ အလုပ်အကိုင် မရကြသဖြင့် နေထိုင်စားသောက်ရန် အခက်အခဲဖြစ်ပေါ်ခြင်း၊ အချို့ ပွဲစား၊ အေးဂျင့်များသည် အရှေ့အလယ်ပိုင်းနိုင်ငံများအတွင်း တစ်နိုင်ငံမှတစ်နိုင်ငံသို့ နိုင်ငံဖြတ်ကျော် စေလွှတ်၍ အဓမ္မခိုင်းစေခြင်း၊ စေလွှတ်သည့်ပွဲစားများမှ တာဝန်ယူတာဝန်ခံမှုမရှိခြင်းများရှိနေကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံသို့ ပြန်လိုသည့်အချိန်များတွင်လည်း တာဝန်ယူဆောင်ရွက်ပေးမည့်သူ မရှိသည့်အတွက် အခက်အခဲ၊ အတားအဆီးများ ဖြစ်ပေါ်ခြင်း၊ လုပ်ငန်းအဆင်မပြေသဖြင့် မိခင်နိုင်ငံသို့ ပြန်လိုပါက ပွဲစား/အေးဂျင့်များမှ လေယာဉ်လက်မှတ်ခ အပါအဝင် လျော်ကြေးအဆမတန်တောင်းခံခြင်း၊ အလုပ်ရှင် သို့မဟုတ် ပွဲစား/အေးဂျင့်များမှ နိုင်ငံကူးလက်မှတ်များ၊ အခြားအထောက်အထားများ သိမ်းဆည်းထား၍ သက်ဆိုင်ရာနိုင်ငံတွင် သွားလာရန်ခက်ခဲခြင်းနှင့် မိခင်နိုင်ငံသို့ အလွယ်တကူမပြန်နိုင်ခြင်း၊ တရားမဝင် အလုပ်လုပ်ကိုင်ရသည့်အတွက် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေပါအကျိုးခံစားခွင့်များ၊ ရပိုင်ခွင့်များဆုံးရှုံးခြင်း စသည့်အခက်အခဲ၊ ပြဿနာများ ကြုံတွေ့ ရလျက်ရှိသည်ကို လေ့လာတွေ့ရှိရကြောင်း ဖြေကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *