September 19, 2024

တရားဝင်ထုတ်ပြန်မှုအရ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၃၆ ဦးအထိရှိလာ

◾ ရမည်းသင်းမြို့နယ်တွင်လည်း ရေကြီးရေလျှံမှုကြောင့် လူ ၂၂၀ ကျော် သေဆုံးထားဟု သတင်းထွက်

၁၃.၉. ၂၀၂၄
Written by Thettant

ရာဂီမုန်တိုင်း၏ Low Cell များကြောင့် ဖြစ်ပွားနေသော ရေကြီးရေလျှံမှုကြောင့် နေပြည်တော်အတွင်း လူ ၁၉ ဦးသေဆုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနက သိရှိရပြီး တရားဝင်ထုတ်ပြန်မှုများအရပင် ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၃၆ ဦးအထိရှိလာနေပြီဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေများဝင်ရောက်လျက်ရှိသဖြင့် မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူဦးဆောင်သော ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁၂ ရက် ည ၈ နာရီခွဲအချိန်အထိ တပ်ကုန်းနှင့်မကျီးပင်မှ (၁၅၀)ဦး၊ ရွာသစ်ကျေးရွာနှင့် အနော်ရထာရပ်ကွက်မှ (၁၂၉)ဦး၊ နေရောင်ပြအင်း၊ ဘဲကုန်းရွာ၊ ပုဗ္ဗနှင့် ဝက်အင်းရွာမှ (၁၂)ဦး၊ အေးမြင့်သာယာ၊ စက်ကုန်းရွာ၊ တန်ပိုစုရွာ၊ ချောင်းစောက်ရွာနှင့် ပေါက်တောရွာတို့မှ (၇၀၅)ဦး၊ ပျဉ်းမနားနှင့် မအူပင်ရွာမှ (၂၄)ဦး၊ ပျဉ်းမနားသကြားစက်၊ ဘုန်းကြီးကျောင်း၊ ညောင်ပင်သာရွာ၊ သနပ်ရှေ့ရွာနှင့် ကျွန်းဦးရွာမှ (၆၅၁)ဦး၊ ဝက်ကုန်းနှင့် ပေါက်တောရွာမှ (၃၉၉)ဦး၊ ပုဗ္ဗသီရိတောက်ထိန်ရွာမှ (၂၀)ဦး၊ ကင်းသာလမ်းခွဲနှင့် ပင်လောင်းလမ်းဆုံမှ (၁၈)ဦး၊ ရွာသစ်ကျေးရွာမှ (၅၇)ဦး၊ ဘုရင့်နောင်ရပ်ကွက်နှင့် ဘိုးဘွားရိပ်သာမှ (၃၀)ဦး၊ မကျီးပင်ကျေးရွာမှ (၄၈၂)ဦး၊ မကျီးပင်အုပ်စုနှင့် ညောင်ပင်သာရွာမှ (၂၅၈)ဦး၊ ကျီးဖြူရိုး ၊ ဆင်သေ၊ ဈေးကုန်း၊ နှမ်းတော၊ သစ်ဆိမ့်ပင်၊ ဇီးဖြူပင်၊ နတ်သူရဲနှင့် ပေါစံခေါရွာတို့မှ (၄၄၇)ဦး၊ လယ်ဝေး၊ ဟေမာန်ကျေးရွာနှင့် သစ်စိမ်းကျေးရွာတို့မှ (၁၅၀)ဦး၊ ကွမ်းခြံကျေးရွာမှ (၇၀)ဦး၊ စုစုပေါင်း နေရာ(၃၀)တို့မှ ရေဘေးသင့်ပြည်သူ (၃၆၀၂) ဦးတို့အား ရေဘေးလွတ်ရာနေရာများသို့ ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်းနှင့် သေဆုံးသူ ကျား(၆)ဦး၊ မ(၁၃)ဦး၊ စုစုပေါင်း(၁၉)ဦး သေဆုံးကြောင်း ကနဦးသတင်းရရှိပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်/ကျေးရွာအုပ်စုများမှ အိမ်ထောင်စု(၁၅၁၁၃)စု၊ အမျိုးသား(၂၃၉၉၅)ဦး၊ အမျိုးသမီး (၂၉၉၇၇)ဦး၊ စုစုပေါင်း (၅၃၉၇၂)ဦး ရေဘေးသင့်ခဲ့ရသည်။

အဆိုပါရေဘေးအတွင်း ဆည်ကြီးကျေးရွာအုပ်စုအတွင်း ဆည်ကြီးကျေးရွာမှ အမျိုးသား(၁)ဦး၊ ညောင်အိုင်ကျေးရွာမှ အမျိုးသမီး(၁)ဦး၊ မြင်းနားကျေးရွာအုပ်စုအတွင်း ကံသာအေးကျေးရွာမှ အမျိုးသား(၂)ဦး၊ အမျိုးသမီး(၄)ဦး၊ ရွှေနန်းပေါ်ကျေးရွာမှ အမျိုးသမီး(၁)ဦး၊ ဝါးဖြူတောင်ကျေးရွာအုပ်စုအတွင်း ချောင်းဖျားကျေးရွာမှ အမျိုးသမီး(၁)ဦး၊ စုစုပေါင်း (၁၀)ဦး (သေဆုံး)ခဲ့ကြောင်း ကနဦးသတင်းအရ စက်တင်ဘာ ၁၁ ရက်က သိရပြီး စက်တင်ဘာ ၁၂ ရက် နံနက် ၉ နာရီကလည်း မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မြင်းနားကျေးရွာအနီးတွင် ရေစီးနှင့်အတူ မျောပါလာသော ရုပ်အလောင်း(၇)ဦး တွေ့ရှိခဲ့ရသည်ဟု မီးသတ်ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

မီးသတ်ဦးစီးဌာန၏ တရားဝင်ထုတ်ပြန်သည့် ရေကြီးရေလျှံ၍ သေဆုံးမှု ၃၆ ဦးအပြင် ရမည်းသင်းမြို့နယ်ရေကြီးမှုတွင် စက်တင်ဘာလ ၁၁ ရက်က ၁၀ ဦး သေဆုံးပြီး စက်တင်ဘာလ ၁၂ ရက်တွင် မြင်းနား ၇ ဦး၊ ကျီးနီကန်သေဆုံးသူ၂၈ ဦး၊ တူးကုန်းသေဆုံးသူ ၃ ဦး၊ သပြေပင်တွင်သေဆုံးသူ ၈၀ ဦး၊ ချောင်းဖျားတွင် ၁၀၀ ဦးသေဆုံးပြီးစုစုပေါင်းသေဆုံးသူ(အလောင်းရ)၂၂၈ဦးရှိကြောင်း ရွာလုံးကျွတ်ရေထဲပါသွားသော ဝါးဖြူတောင်အထက်ရွာ၊ ဝါးဖြူတောင်အောက်ရွာ၊ ရွှေတောမိုင်းတို့၏ သေဆုံးမှုမသိရသေးသဖြင့် သေဆုံးသူအရေအတွက်မြင့်တက်လာနိုင်ကြောင်း လူမှုကွန်ရက်အပြင် လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သော တယ်လီဂရန်သတင်းဌာနများက ဖော်ပြထားသော်လည်း တရားဝင်ထုတ်ပြန်မှု မရှိသေးချေ။

Leave a Reply

Your email address will not be published. Required fields are marked *