September 19, 2024

တောင်ငူ၊ ပဲခူး၊ ဘားအံနှင့် မဒေါက်မြို့နယ်များတွင် စစ်တောင်း၊ ပဲခူးနှင့် သံလွင်မြစ်များ စိုးရိမ်ရေမှတ်အထက် ၁ ပေခွဲမှ ၅ ပေခွဲအကြား ကျော်လွန်နေသည့်အပြင် ထပ်မံ၍ မြစ်ရေတက်ဦးမည်ဖြစ်၍ သတိပြုရန်လို

MT News
၁၃. ၉. ၂၀၂၄

မုတ်သုန်လေအားအလွန်ကောင်းနေပြီး မုန်တိုင်းငယ်ဖြစ်လာနိုင်၍ တစ်နိုင်ငံလုံးမိုးရွာသွန်းမည်ဖြစ်ပြီး ချင်းနှင့်ရခိုင်ပြည်နယ်မှာမူ နောက်နှစ်ရက်အထိ မိုးပိုနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ နံနက်တိုင်းထွာချက်များအရ သိရသည်။

လက်ရှိတွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ် အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအလွန်ကောင်းနေကာ ယနေ့မြန်မာစံတော်ချိန် ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဖြစ်ပေါ်နေသော လေပွေလှိုင်းသည်အနောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်းတို့တွင် ဆက်လက်တည်ရှိနေသည်။

အဆိုပါ လေပွေလှိုင်းသည် ပိုမိုအားကောင်းလာနိုင်ပြီး နောက် ၁၂ နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းနှင့် ယင်းနှင့်ဆက်စပ်လျက် ရှိသော ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း(Low Pressure Area)အဖြစ်သို့ ရောက်ရှိနိုင်သည်။ ထိုမှတစ်ဆင့် အနောက်-အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာ ဆက်လက်ရွေ့လျားနိုင်ပြီး၊ နောက်(၄၈)နာရီအတွင်း ပိုမို အားကောင်းလာနိုင်ကာ အနောက်ဘင်္ဂလားပြည်နယ်ကမ်းရိုးတန်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတို့တွင် မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။

ထို့ကြောင့် ကယားပြည်နယ်တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရခိုင်ပြည်နယ်တွင် ဒေသအလိုက်နှင့် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ် တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့် ဖြစ်ပြီး နောက်နှစ်ရက်အထိ မိုးပိုနေမည်ဖြစ်သည်။

ထို့အတူ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းမှု အားကောင်းလျက်ရှိသည်။

မြန်မာ့ပင်လယ်ပြင်တွင် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀မှ ၄၅ မိုင် အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၁ ပေခန့် ရှိနိုင်ပြီး မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ကာ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၇ ပေမှ ၉ ပေခန့်ရှိနိုင်သည်။

ထို့အတူ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် စိုးရိမ်ရေမှတ်အထက် ၃ ပေကျော်မြင့်တက်နေပြီး နောက်နှစ်ရက်အတွင်း ၂ ပေခန့်ထပ်မံမြင့်တက်လာနိုင်ပြီး မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်အထက် ၂ ပေခွဲကျော်နေကာ နောက်နှစ်ရက်အတွင်း ပေဝက်ခန့်ဆက်လက်မြင့်တက်ဦးမည်ဖြစ်သည်။ အလားတူ ပဲခူးမြစ်သည် ပဲခူး​မြို့တွင် စိုးရိမ်ရေမှတ်အထက် ၁ ပေခွဲကျော်နေပြီး နောက်နှစ်ရက်အတွင်း ပေဝက်ခန့်မြင့်တက်နိုင်သလို သံလွင်မြစ်ရေသည် ဘားအံမြို့တွင် စိုးရိမ်ရေမှတ်အထက် ၅ ပေခွဲခန့်ကျော်လွန်ရောက်ရှိနေပြီး နောက်နှစ်ရက်အတွင်း ၂ ပေခန့်ဆက်လက်မြင့်တက်နိုင်၍ တောင်ငူမြို့နယ်၊ ပဲခူးမြို့နယ်၊ ဘားအံမြို့နယ်နှင့် မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီး နှင့်မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန်လည်း သတိပေးထားသည်။

ထို့အတူ ဒုဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် စိုးရိမ်ရေမှတ်အောက် တစ်ပေခွဲခန့်နှင့် ရွှေစာရံမြို့တွင် စိုးရိမ်ရေမှတ်အောက် လေးပေခွဲခန့်ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာနိုင်မည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *