September 17, 2024

၁၂. ၉. ၂၀၂၄
Written by Nyein Kyaw

ဒေါ်လာဈေးနှုန်း ပြန်မြင့်တက်လာချိန် ‌စက်သုံးဆီအတွက် ဒေါ်လာ ၁၀ သန်းနှင့် စားသုံးဆီအတွက် ဒေါ်လာ ၇ သန်းအား FX Trading Platform မှတစ်ဆင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှ ယနေ့တွင် အသိပေးကြေညာထားသည်။

ဗဟိုဘဏ်မှ အသိပေးကြေညာထားချက်တွင် စက်သုံးဆီနှင့် စားသုံးဆီများအတွက် ထုတ်ရောင်းပေးမည့် ဒေါ်လာများအား မည်သည့်ရက်တွင် ထုတ်ရောင်းမည်နှင့် မည်သည့်ဈေးနှုန်းဖြင့် ရောင်းချပေးမည်ကိုမူ ထည့်သွင်းဖော်ပြထားခြင်းမရှိပေ။

မိုးအဆက်အပြတ် ရွာသွန်းမှုများရှိခဲ့သော ဇူလိုင်လအလယ်မှစတင်ကာ စက်သုံးဆီထုတ်ယူရန် အခက်အခဲများရှိခဲ့သည်ဆိုကာ စက်သုံးဆီပြတ်လပ်မှုများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့၍ ဩဂုတ်လ ၁၅ ရက်မှစတင်ပြီး စက်သုံးလုပ်ငန်းရှင်များအတွက် သီးသန့် ဒေါ်လာသန်း ၁၀၀ ထုတ်ရောင်းပေးခဲ့သည်။

လက်ရှိအချိန်အထိ တစ်လကျော်အတွင်း အဆိုပါ ဒေါ်လာသန်း ၁၀၀ အပါအဝင် စုစုပေါင်းရောင်းချပေးမှု ဒေါ်လာသန်း ၂၀၀ ကျော်အထိရှိသည်။

သို့သော် ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းတွင်လည်း စက်သုံးဆီများ ထုတ်ယူရန်အခက်အခဲနှင့် ပြတ်လပ်နေခြင်းကြောင့်ဆိုကာ စက်သုံးဆီတန်းစီဝယ်ယူရမှုများ ထပ်မံဖြစ်ပေါ်ခဲ့သလို လက်ရှိတွင်လည်း ရေကြီးရေလျှံမှုများဖြစ်ပွားရာ မန္တလေးတိုင်းဒေသကြီးတွင် တစ်ကျော့ပြန် စက်သုံးဆီပြတ်လပ်ကာ တန်းဆီဝယ်ယူရမှုများဖြစ်ပေါ်နေကြောင်း သိရသည်။

ပြည်တွင်း၌ ဒေါ်လာဈေးနှုန်းများမှာ ယခုစက်တင်ဘာ ၇ ရက်မှစတင်ပြီး ဒေါ်လာဈေး ဆက်တိုက်ကျဆင်းခဲ့သလို စက်တင်ဘာ ၉ ရက် ညနေပိုင်းတွင် ကျပ် ၄၈၀၀ ဝန်းကျင်သို့ ပြန်ကျခဲ့ပြီး အဆိုးဝါးဆုံး ဈေးနှုန်းမြင့်တက်ထားသော တစ်လကျော်အတွင်း ကျပ် ၅၀၀၀ အောက်သို့ ပထမဆုံးကျဆင်းခဲ့ခြင်းဖြစ်သည်။

သို့သော် လက်မည်းကုန်သည်ကြီးများ၏ ဈေးကစားမှုကြောင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဒေါ်လာဈေးနှုန်း အတက်အကျများခဲ့ပြီး စက်တင်ဘာ ၁၀ ရက်တွင် တစ်ဒေါ်လာ ကျပ် ၅၀၀၀ ကျော်မှ စက်တင်ဘာ ၁၁ ရက်တွင် တစ်ဒေါ်လာ ကျပ် ၅၆၀၀ အထိပြန်မြင့်တက်ခဲ့သည်။ သို့သော် ယနေ့တွင်မူ တစ်ဒေါ်လာ ကျပ် ၅၃၅၀ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *