September 17, 2024

◾️ ပြည်နယ်နှင့်တိုင်းများတွင် ပျက်စီးခဲ့သည့် မီးရထားနှင့်ကားလမ်းများ၊ တံတားများအား နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများ ပူးပေါင်းကာ အမြန်ဆုံးပြုပြင်ပေးနေ

၁၂. ၉. ၂၀၂၄
Written by Nyein Kyaw

နေပြည်တော်ကောင်စီနယ်မြေအတွင်း လတ်တလောတွင် ရေဘေးသင့် ရပ်ကွက်/ကျေးရွာအုပ်စု ၄၃ စု၊အိမ်ထောင်စုပေါင်း ၁၆,၃၇၃ စုတို့မှ လူဦးရေ ၇၄,၂၉၅ ဦးတို့ကို သက်ဆိုင်ရာ မြို့နယ်အလိုက် ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်စခန်း ၂၆ ခုတွင် ကူညီကယ်ဆယ်နေရာချ‌ထားပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှ ယနေ့တွင် အသိ‌ပေးထုတ်ပြန်ထားသည်။

ထို့ပြင် မန်းရွှေစက်တော်ဘုရားကြီး အထက်ပိုင်းရှိ ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံ၌ ယနေ့ ညနေ ၆ နာရီအချိန် တိုင်းထွာချက်အရ ပင်မရေပိုလွှဲမှ ၃ ဒသမ ၄ ပေခန့် ရေကျော်စီးဆင်းပြီး အဆိုပါ မန်းချောင်းရေများက ရွှေစက်တော်မန်းချောင်းမှတစ်ဆင့် မင်းဘူး(စကု) မြို့နယ် အတွင်းသို့ ပိုမိုဖြတ်သန်း စီးဆင်းဝင်ရောက်လျက်ရှိပြီး မိုးများအဆက်မပြတ်ရွာသွန်းမှုနှင့်အတူ တောင်ကျချောင်းရေများ ထပ်မံစီးဆင်းဝင်ရောက်လာနိုင်သည့်အတွက် မန်းချောင်း အောက်ပိုင်းတစ်လျှောက်တွင် နေထိုင်လျက်ရှိသော ဒေသခံပြည်သူများအနေဖြင့် အထူးသတိပြု နေထိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း သတိပေးထုတ်ပြန်ထားသည်။

ထို့အတူ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွှေညောင်မြို့၊ ဗထူးတပ်မြို့၊ ရပ်စောက်မြို့၊ ကျိုင်းခမ်းမြို့၊ အောင်ပန်းမြို့၊ ကလောမြို့နှင့် နမ့်စန်မြို့၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နှင့် တောင်ငူမြို့အပါအဝင် အခြားမြို့နယ်များရှိ ရေဘေးသင့်ပြည်သူများအား သက်ဆိုင်ရာ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတလူမှုရေးအသင်းများက ရေဘေးလွတ်ကင်းရာ နေရာများသို့ ကူညီရွှေ့ပြောင်းပေးပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ရေတိုက်စားမှုများကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့၏ တောင်ဘက် ကျောင်းကုန်းကျေးရွာအနီး ရန်ကုန်-မန္တလေး ရထားလမ်း မိုင်တိုင် ၂၈၅/၆-၉ ကြားရှိ အမှတ်(၁) သံလမ်း သံကူကွန်ကရစ်တံတား၊ ပျော်ဘွယ်မြို့၏ မြောက်ဘက် ညောင်နွယ်ကျေးရွာရှိ ရန်ကုန်-မန္တလေးကားလမ်း (ဟောင်း) မိုင်တိုင် ၂၉၀(၁/၂) ကြားရှိ တံတားအမှတ် ၁/၂၉၁ သံကူကွန်ကရစ်တံတား၊ သာစည်မြို့၏ မြောက်ဘက်ရှိ စမုံရေထိန်းတမံ၊ သာစည်မြို့နယ်၊ ယင်းမာပင်ကျေးရွာအုပ်စု၊ ကျောက်ဆောင်ကြီးကွေ့ ကျေးရွာအနီး မိတ္ထီလာ-တောင်ကြီးသွားကားလမ်း၊ မိုင်တိုင် (၄၀/၁) မှ (၄၀/၂) ကြားနေရာနှင့် ကြပ်စခန်းကျေးရွာအနီးတို့၌ လည်းကောင်း၊ ရမည်းသင်းမြို့နယ်ရှိ သမိုင်းဝင် ရွှေမြင်တင်စေတီတော်နှင့် ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရားများ ပြိုကျပျက်စီးခဲ့သည်။

အဆိုပါ နေရာများအား ယနေ့ နံနက်ပိုင်းတွင် နယ်မြေခံတပ်မတော်သားများက ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များနှင့်အတူ ရေဘေးသင့်ပြည်သူများအား ရေဘေးလွတ်ရာသို့ ကူညီရွှေပြောင်းပေးခြင်း၊ လမ်း/တံတားများအား ပြန်လည်ပြုပြင်ခြင်း၊ ပြိုကျပျက်စီးခဲ့သည့် အုတ်တံတိုင်းများနှင့် အဆောက်အဦများအား ဖယ်ရှားရှင်းလင်းပေးခြင်းနှင့် လမ်းများပိတ်ဆို့နေသည့် သစ်ပင်/သစ်ကိုင်များအားခုတ်ထွင် ရှင်းလင်းပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း အသိပေးထုတ်ပြန်ထားသည်။ (Photo – Credit)

Leave a Reply

Your email address will not be published. Required fields are marked *