September 17, 2024

၁၂. ၉. ၂၀၂၄
Written by Nay Moe

KNU နှင့် PDF လက်နက်ကိုင်များက ရေတာရှည်မြို့နယ်ရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၍ စာသင်ကျောင်းဆောင်နှစ်ခုပျက်စီးသည့်အပြင် ကလေးငယ်တစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရမှုဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။

ဖြစ်စဥ်များမှာ စက်တင်ဘာ ၈ ရက် နံနက် ၁၀ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ကျေးရွာသို့ KNU နှင့် PDF ပူးပေါင်းအဖွဲ့က လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာရှိ အခြေခံ ပညာအလယ်တန်းကျောင်းဝင်းအတွင်းသို့ လက်နက် ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် RC တစ်ထပ်ကျောင်းဆောင် နှစ်ဆောင်တွင် အမိုး၊ မျက်နှာကြက်၊ ပြတင်းပေါက်မှန်များ ပျက်စီးဆုံးရှုံးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။ 
   
အလားတူ မွန်းတည့် ၁၂ နာရီတွင် ရေတာရှည်မြို့နယ်၊ ရွာသာယာကျေးရွာသို့ KNU နှင့် PDF ပူးပေါင်းအဖွဲ့ကပင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီးဗုံးသီးများကျရောက် ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ အပြစ်မဲ့ အရပ်သားပြည်သူများဖြစ်ကြသည့် ဦးငြိမ်းရွှေ (၅၆)နှစ်၊ မောင်လွမ်းဝေနောင်(၁၂)နှစ်နှင့် ဒေါ်စန်းရီ(၆၇)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ဆွာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်ဖြစ်ပွားလျက်ရှိနေသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် စာသင်ကျောင်းများ တိုက်ခိုက်ခံနေရပြီး ပြီးခဲ့သော ၂ နှစ်အတွင်း စာသင်ကျောင်းများတိုက်ခိုက်ခံရမှု ၁၇၄ ကြိမ်ရှိခဲ့ကြောင်း ပညာရေးအားပစ်မှတ်ထားတိုက်ခိုက်မှုတားဆီးကာကွယ်ရေး နိုင်ငံတကာနေ့တွင် အမေရိကန်အစိုးရက ထုတ်ဖော်ပြောဆိုထားသည်။

မဲမသမာမှုများ မဖြေရှင်းသည့် NLD အစိုးရဟောင်း ဖြုတ်ချခံရပြီးနောက် NLD အမတ်ဖြစ်ခဲ့သူများနှင့် ထောက်ခံသူများက နွေဦးတော်လှန်ရေးစတင်ကာ ကလေးငယ်များကိုလည်း CDM ပြုလုပ်ရန် သွေးထိုးခြင်း၊ ကျောင်းတက်နေသည့် ကလေးငယ်များကို Social Punishment လုပ်ခြင်း၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကလေးငယ်များကို သူလျှို၊ ဒလန်သတ်မှတ်ကာ တိုက်ခိုက်ခြင်းများကြောင့် ဆရာ၊ ဆရာမနှင့်ကလေးငယ် ၃၀၀ ခန့် သေဆုံးထားသလို လွိုင်ကော်တက္ကသိုလ်အပါအဝင် တက္ကသိုလ်များ၊ ကျောင်းများမှ ဆရာ၊ ဆရာမများမှာလည်း NUG နှင့် PDF များ၏ ဖမ်းဆီးသတ်ဖြတ်မှု ခံနေရဆဲဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *