September 19, 2024

၁၂.၉.၂၀၂၄
Written By Thandar

လက်ရှိဖြစ်ပေါ်နေတဲ့ ရေဘေးသင့် နေရာဒေသတွေကို လှူဒါန်းမှုပြုလုပ်ဖို့အတွက် အနုပညာမောင်နှမတွေ အဖွဲ့လိုက် တေးသီချင်းတွေသီဆိုပြီး အလှူခံကာ ပြန်လည် လှူဒါန်းသွားဖို့ပြင်ဆင်နေတယ်လို့ အဆိုတော် နွေးနွေးချစ်ဖွယ်က MT Entertainment ကို ပြောပါတယ်။

“နွေး ညကတည်းက မိုးတွေရွာ ရေတွေကြီးနေတဲ့ သတင်းတွေကြောင့် အိပ်လို့မရနိုင်အောင် ဖြစ်ခဲ့တယ်။ နွေးအနေနဲ့ ဘာတွေလုပ်လို့ရမလဲ စဉ်းစားပြီးတော့ အလှူငွေကောက်ခံပြီး လှူဖို့စီစဉ်လိုက်တာပါ။ လက်ရှိ နွေးက အများကြီးလည်း မလှူနိုင်ပါဘူး။ ကိုယ့်ကိုယုံကြည်ပြီးတော့ နွေးရဲ့အားလေးနဲ့ အလှူငွေတွေ တစ်ဖက်က လှမ်းလှူကြလို့လည်း နွေးပီတိဖြစ်ပါတယ်။ ကိုရီးယားက မော်ဒယ်လ်တွေရော လှူပေးကြတယ်။ လှူတဲ့နေရာမှာ ထိထိရောက်ရောက်ဖြစ်မယ့် နေရာတွေကို သွားလှူဖို့ ပိတောက် ပင်လမ်းအရှေ့ ပရဟိတအသင်းက သူငယ်ချင်းတွေလည်း အဲ့ဒီနေရာတွေကို ရောက်နေပါပြီ။ တကယ်လို့ လှူဒါန်းလိုရင် နွေးရဲ့ မန်နေဂျာအကောင့်ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။ သီချင်းတွေဆိုပြီး အလှူတွေခံဖို့က ပြည်သူတွေက ခက်ခဲကျပ်တည်းတဲ့ ကာလဖြစ်တဲ့အတွက် နည်းတာများတာ အဓိကမဟုတ်ပါဘူး။သဒ္ဓါတရားကသာ အဓိကပါ။ နွေးတို့ ပြိုင်တူတွန်းရင်တော့ ရွေ့တာပေါ့နော်။ အနုပညာမောင်နှမတွေ အရင်ရေဘေးတွေတုန်းကလို သီချင်းဆိုပြီး အလှူခံပါတယ်။နေရာကိုတော့ နွေးချိတ်ဆက်မှုတွေ လုပ်ဆောင်နေပါတယ်” လို့ အဆိုတော် နွေးနွေးချစ်ဖွယ်က ပြောပါတယ်။

သူကတော့ ပိတောက်ပင်လမ်းအရှေ့ ပရဟိတလူမှုကူညီရေးအသင်းကနေ ထိထိရောက်ရောက် နေရာတစ်ခုကို လှူဒါန်းသွားမယ်လို့ သိရပါတယ်။ လက်ရှိအဝတ် အထည် ၊ ဆေးဝါး၊ အစားအသောက်တွေ လိုအပ်ချက်တွေကို လှူဒါန်းပေးဖို့ စီစဉ်နေတာလည်းဖြစ်ပါတယ်။

“ကျွန်တော်တို့အဖွဲ့က နေပြည်တော်၊ တပ်ကုန်းဘက်က လူတွေ ဘာတွေလိုအပ်တယ်ဆိုတာ လက်တွေ့ကွင်းဆင်းနေကြပါတယ်။ အိမ်ထောင်စုဦးရေ၊ ဘာလိုအပ်တယ်ဆိုတာ ဒါတွေသိရရင်တော့ ဘယ်ကို သွားလှူဆိုတာကို ကျွန်တော်တို့ အကြောင်းပြန်ကြားပေးပါမယ်ဗျာ”လို့ ပိတောက်ပင်လမ်းအရှေ့ ပရဟိတလူမှုကူညီရေးအသင်းက ကိုသော်ဇင်ထွန်းက MT Entertainment ကိုပြောပါတယ်။

အဆိုပါ လှူဒါန်းမှုစာရင်းတွေနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ ချပြပေးသွားမှာလည်းဖြစ်ပြီး လှူဒါန်းလိုသူများအနေနဲ့ 09250240029 ကိုသော်ဇင်ထွန်း K pay ကနေ တိုက်ရိုက်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *