September 19, 2024

၁၂. ၉. ၂၀၂၄
Written by Thettant

ထိုင်းနိုင်ငံမှာ Non-ED ဗီဇာနဲ့ ကာလတိုသင်တန်း တတ်ရောက်နေတဲ့ မြန်မာကျောင်းသားတွေကို သက်တမ်းတိုးဆောင်ရွက်ပေးမှု စက်တင်ဘာ ၁၆ ရက်ကစ ရပ်ဆိုင်းမယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဒီနေ့မှာ အသိပေးထားပါတယ်။

ထိုင်းနိုင်ငံက တက္ကသိုလ်တွေမှာ ပညာသင်ကြားလျက်ရှိတဲ့ မြန်မာကျောင်းသား/ ကျောင်းသူတွေရဲ့ နိုင်ငံကူးလက်မှတ်သက်တမ်းကုန်ဆုံးမှုအတွက် နိုင်ငံကူး လက်မှတ်အသစ် Passport for Education (PE) လဲလှယ်ခြင်းကို မြန်မာသံရုံး၊ ဗန်ကောက်မြို့နဲ့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့တို့မှာ နေ့ချင်းပြီးဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ထိုင်းဘာသာစကားသင်တန်း(ကာလတို -Certificate Program in Thai Language), ဆရာများအတွက် အင်္ဂလိပ်စာသင်တန်း (ကာလတို-Teaching English for Teachers-TET) စတဲ့ သင်တန်းတွေကို Non-ED Visa ရယူပြီး Virtual format ပုံစံနဲ့ တက်ရောက်နေတဲ့ ကျောင်းသား/ကျောင်းသူတွေ အလွန်များပြားလာတဲ့အတွက် လာမဲ့ စက်တင်ဘာ ၁၆ ရက် တနင်္လာနေ့ကစပြီး ကာလတိုသင်တန်းတက်ရောက်နေတဲ့ ကျောင်းသား/သူတွေအတွက် PE type နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းကို မြန်မာသံရုံး၊ ဗန်ကောက်မြို့နဲ့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့တို့မှာ ဆောင်ရွက်ပေးတော့မှာ မဟုတ်ကြောင်း အသိပေး ကြေညာထားပါတယ်။

ဒါပေမဲ့ ထိုင်းနိုင်ငံက တက္ကသိုလ်တွေမှာ ဘွဲ့ကြို၊ ဘွဲ့လွန် (Undergraduate, Postgraduate) ကာလရှည်တက်ရောက်နေကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ Primary ၊ Secondary တက်ရောက်နေကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် Passport for Education (PE) လဲလှယ်ခြင်းကို အရင်အတိုင်း ဆက်လက်ဆောင်ရွက်ပေးသွားမယ်လို့ အသိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *