September 19, 2024

၁၂. ၉. ၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံမြောက်ပိုင်းတွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းနေမှုကြောင့် ချင်းမိုင်ပြည်နယ်၊ မယ်အေ့ ခရိုင်အတွင်းရှိ ဘန်ဒွိုင်လမ်ရွာ၌ စက်တင်ဘာ ၁၀ ရက်က မြေပြိုမှုတစ်ရပ် ဖြစ်ပွားခဲ့ရာ လူခြောက်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့ကြောင်း သတင်းများအရသိရသည်။

ခရိုင်အကြီးအကဲ ဆာလီညာ ခမ်ပါကောက မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုများဖြစ်ကာ အဆိုပါကျေးရွာသို့ သွားသောလမ်းပြတ်တောက်နေမှုအားပြင်ဆင်ရန် စက်တင်ဘာလ ၁၁ ရက် ညနေပိုင်းက အမိန့်ထုတ်ခဲ့သည်။

ထိုင်းစစ်တပ်နှင့် ပြည်နယ်အရာရှိများပါဝင်သောအဖွဲ့က မြေပြိုမှုတွင် အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေခဲ့ကြရာတွင် စက်တင်ဘာ ၁၂ ရက် နံနက်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း အဆုံးသတ်ခဲ့သည်အထိ သေဆုံးနေသည့်အလောင်း ခြောက်ခုကို တွေ့ခဲ့ကြရသည်။ ၎င်းတို့တွင် ကျေးရွာအကြီးအကဲနှင့်အသက်လေးနှစ်နှင့် ငါးလစီသာ အသီးသီးရှိသေးသော ကလေးနှစ်ဦးလည်းပါဝင်ကြောင်း သိရသည်။

သေဆုံးသူများ၏အလောင်းများကို သက်ဆိုင်ရာမိသားစုများသို့ လွှဲပြောင်းပေးခဲ့ပြီး ဒဏ်ရာရသူများကို အနီးရှိဆေးရုံတစ်ရုံသို့ပို့ပေးခဲ့ကြောင်း ရှာဖွေကယ်ဆယ်ရေးအရာရှိတစ်ဦးက ပြောခဲ့သည်။ ၎င်းက မိုး သည်းထန်စွာရွာသွန်းနေမှုကြောင့် Kok မြစ်မှာ မြစ်ရေလျှံကာ မယ်အေ့ခရိုင်အတွင်း ပတ်ဝန်းကျင် ကျေးရွာများသို့ ရေလွှမ်းမိုးမှုများဖြစ်နေကြောင်းလည်း ပြောခဲ့သည်။

ခရိုင်အတွင်း၌ ရေလွှမ်းမိုးမှုကြောင့် ရေအမြင့်မှာမြင့်တက်လျက်ရှိနေဆဲဖြစ်ရာ မော်တော်ယာဉ်များ ဒေသတွင်း ဖြတ်သန်းသွားလာရန် မလွယ်ကူသေးကြောင်း သိရသည်။

Ref- Nation Thailand

Leave a Reply

Your email address will not be published. Required fields are marked *