၂၈. ၁၂. ၂၀၂၂
Written By Thandar
သရုပ်ဆောင်ပန်းလရောင် အသက် ၃၂ ပြည့်မွေးနေ့အနေနဲ့ လာပမုနိကျွန်းနက်ဘုရားကို ကျိုက်မရောဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝါရိန္ဒထံ လှူဒါန်းမှုအခမ်းအနားကို ဒီနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၅)ဝိုင်း ကန်ဦးကျောင်းတိုက်မှာပြုလုပ်ခဲ့ပါတယ်။
“ဒီနေ့က လရောင်ရဲ့ မွေးနေ့အမှတ်တရအနေနဲ့ ကျိုက်မရောဆရာတော်ကို ဉာဏ်တော်အမြင့် ၄၅ လက်မရှိတဲ့ ကျွန်းနက်ဘုရားကို ရေစက်ချလှူဒါန်းတာပါ။ လရောင်ရဲ့ မွန်မြတ်တဲ့ အလှူလေးပါ။ လရောင် အခုနောက်ပိုင်း ဘုရားယုံကြည်မှုကြောင့် အစောင့်အရှောက်ပုဂ္ဂိုလ်တွေက အသိပေးတယ်လို့ ပြောလို့ရတယ်။ တရားထိုင် ပုတီးစိပ်တော့ ကျွန်းနက်ဘုရားလှူဖို့ ဖြစ်လာတာပါ။ ဆရာတော်ဘုရားကလည်း လာပမုနိဘုရားကို လှူရင် အရမ်းကောင်းတယ်မိန့်တယ်။ ဒီဘုရားလှူဖို့ အတွက် အရမ်းလည်း ထူးဆန်းပါတယ်။ လရောင် လက်ခပဲပူဇော်ရတယ်။ လရောင်ရဲ့အစ်ကိုဆရာတစ်ယောက်က ကျွန်းနက်ကို ပါရမီဖြည့်ပေးတာပါ”လို့ သရုပ်ဆောင် ပန်းလရောင်က ပြောပါတယ်။
အဆိုပါ အခမ်းအနားမှာတော့ ဆရာတော်ဘုရားကြီးက နမောတဿ သုံးကြိမ်ရွတ်ဖတ်ပူဇော်ပြီး လာပမုနိကျွန်းနက်ဘုရားကြီး ဉာဏ်တော်(၄၅)လက်မကို လှူဒါန်းမူအတွက် ရေစက်သွန်းချတရားနာခဲ့ကြပါတယ်။
ပန်းလရောင်ကတော့ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကိုးနဝင်းကျောင်းတိုက်အတွင်းမှာ သစ္စာရှင် နဂါးရုံဘုရားတစ်ဆူတည်ထားပြီး လက်ရှိသာသနာ့ပြုလုပ်ငန်းတွေ ဆက်တိုက်လုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။
ပန်းလရောင်ဟာ အနုပညာအလုပ်တွေနဲ့ ၆ နှစ်ကျော်လောက် ခေတ္တဝေးကွာခဲ့ပြီး ရုပ်ရှင်ဇာတ်ကား၄ ကား၊ ဗီဒီယိုဇာတ်ကားပေါင်းစွာ ရိုက်ကူးထားသူလည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အနုပညာလောကထဲကို ဒုတိယအကြိမ်ပြန်လည် ဝင်ရောက်လာတာလည်းဖြစ်ပါတယ်။