September 18, 2024

၁၂.၉. ၂၀၂၄
Written by Shwe Phyo

ချင်းအမျိုးသားတပ်ဦး (CNF) အဖွဲ့သည် ရခိုင်လက်နက်ကိုင် AA နှင့် တိုက်ခိုက်နေမည့်အစား ကောင်းမွန်သောဆက်ဆံရေးတည်ဆောက်ရန် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်၏ အဆိုပြုကမ်းလှမ်းချက်များကို ငြင်းဆန်ပယ်ချလိုက်ကြောင်း အိန္ဒိယအခြေစိုက်သတင်းများတွင် ဖော်ပြထားသည်။

ရခိုင်လက်နက်ကိုင် AA အဖွဲ့ နှင့် တိုက်ခိုက်နေမည့်အစား ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်သင့်ကြောင်း မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က တိုက်တွန်းပြောဆိုခဲ့သည်ကို CNF ဒုတိယဥက္ကဋ္ဌ ဒေါက်တာရွှေခါးရ်က အမှန်၊ အမှား ဆောင်ရွက်ရန် လိုအပ်ချက်များသည် AA အဖွဲ့အပေါ်တွင်မူတည်နေခြင်းမျိုးမဖြစ်သင့်ကြောင်း၊ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်သည် အတိတ်သမိုင်းကာလ အခြေအနေများကို တွေးတောစဉ်းစားသင့်ကြောင်း ပြောသည်။

ထို့ပြင် ဒေါက်တာရွှေခါးရ်က အမှားအမှန်ကိစ္စများကို မိမိတို့ ကိုယ်ပိုင်ပေတံဖြင့်တိုင်းတာမည်ဖြစ်ပြီး မည်သူတစ်ဦးတစ်ဖွဲ့မှ ဆုံးဖြတ်ခြင်းမျိုးမဖြစ်သင့်ကြောင်းလည်း ပြောသည်။

ချင်းအမျိုးသားတပ်ဦး (CNF) အဖွဲ့၏ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သော Chin National Army (CNA) သည် အိန္ဒိယနယ်စပ်ဒေသမှ ကီလိုမီတာအနည်းငယ်အကွာရှိ မြန်မာနိုင်ငံအနောက်ပိုင်းတွင် ရှိနေကြောင်း သိရသည်။ မီဇိုရမ်ပြည်နယ်အစိုးရအနေဖြင့် လက်ရှိအချိန်တွင် မည်သို့လုပ်ရမည်ဆိုသောအချက်ကို ရွေးချယ်ရမည်ဖြစ်ကြောင်း၊ AA အဖွဲ့သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွင် အင်အားတောင့်တင်းသော အဖွဲ့အစည်းတစ်ခု ဖြစ်ခြင်းကိုအကြောင်းပြချက်ပေးခြင်းမျိုးမဖြစ်သင့်ကြောင်းလည်း ၎င်းကပြောသည်။

မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်သည် ပြီးခဲ့သောရက်ပိုင်းကမိန့်ခွန်းပြောဆိုခဲ့ရာတွင် ” ချင်းလူမျိုးတွေဟာ AA အဖွဲ့နဲ့ ပြဿနာဖြစ်ပွားမယ်ဆိုရင် AA အဖွဲ့ဟာ ချင်းလူမျိုးတွေထက် အင်အားတောင့်တင်းတယ်။ AA အဖွဲ့မှာ တပ်ဖွဲ့ဝင် အများအပြားရှိတယ်။ ဒါကြောင့် ချင်းလူမျိုးတွေဟာ AA အဖွဲ့ နဲ့ မိတ်ဖက်အဖြစ် ရပ်တည်နိုင်အောင် ကြိုးပမ်းရမယ်။ တိုက်ခိုက်တာမျိုးတွေမလုပ်သင့်ဘူး” ဟု ပြောခဲ့သည်။

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် လယ်ဒူဟိုမာက ချင်းလက်နက်ကိုင်အဖွဲ့များနှင့် AA အဖွဲ့ကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရမည်ဖြစ်ကြောင်း၊ ချင်း လက်နက်ကိုင်အဖွဲ့များနှင့် AA အဖွဲ့ကြားတိုက်ပွဲများဖြစ်ပွားလာမည်ဆိုလျှင် မြန်မာနိုင်ငံကိုကျော်လွန်ပြီး မီဇိုရမ်ပြည်နယ်အတွင်းသို့ ပျံ့နှံ့ရောက်ရှိလာဖွယ်ရှိနေကြောင်းလည်းပြောသည်။

ရခိုင်လက်နက်ကိုင် AA သည် NUG ဩဇာခံ ချင်း PDF များနှင့် ချင်းပြည်နယ် မြို့သိမ်းတိုက်ပွဲများဆင်နွှဲအပြီးတွင် ပလက်ဝကဲ့သို့ ချင်းရခိုင်နယ်စပ်မြို့ကို ရခိုင်ပြည်နယ်အတွင်း သွတ်သွင်းထားသည့်လုပ်ဆောင်မှုအပြင် ချင်းအမျိုးသမီးများကို ကျောင်းသူပါမချန် မုဒိမ်းကျင့်ခြင်း၊ ရိုက်နှက်သတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ အဓမ္မစစ်သားစုဆောင်းခြင်းများ လုပ်ဆောင်နေသောကြောင့် ချင်းပြည်နယ်က AA တပ်ဖွဲ့ ထွက်ခွာရန်လည်း ချင်းအဖွဲ့အစည်းများက တောင်းဆိုထားသည်။

REF , theprint

Leave a Reply

Your email address will not be published. Required fields are marked *