September 19, 2024

၁၂. ၉. ၂၀၂၄
Written by Thettant

ရာဂီမုန်တိုင်းရဲ့ Low Cell တွေကြောင့် အဆက်မပြတ်ရွာသွန်းနေတဲ့ မိုးသည်းထန်မှုအောက်မှာ မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေက ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရှေးဟောင်းဘုရားတစ်ဆူဖြစ်တဲ့ ဘုရားအမှတ် (၁၀၄၂) ဆင်ကဘုရား(ဆင်ကအုတ်တိုက်ရှည်)ဟာ ဒီနေ့ စက်တင်ဘာလ ၁၂ ရက် ၁၁ နာရီခန့်မှာ ပြိုကျသွားခဲ့ပါတယ်။

ဘုရားအမှတ် (၁၀၄၂) ဆင်ကဘုရား ပြိုကျနေတဲ့ပုံကို ဒေသခံပြည်သူ Ko Htun Yati ရိုက်ကူးထားတဲ့ပုံမှာဆိုရင် မြန်မာစံတော်ချိန် နံနက် ၁၁ နာရီ ၂၃ မိနစ်မှာ ရိုက်ကူးထားပြီး ဘေးနံရံတစ်ဖက်ကလွဲရင် တစ်ဆူလုံးနီးပါး ပြိုကျသွားခဲ့တာကိုလည်း တွေ့မြင်ရပါတယ်။

ဆင်ကဘုရား ပြိုကျပျက်စီးသွားတာနဲ့ပတ်သက်ပြီး Zay Myo Lin အကောင့်ပိုင်ရှင်ကလည်း”ဒီတစ်ခါပြိုကျတာက ရှေးလက်ရာစစ်စစ်တွေကျန်တဲ့ ပေါင်းကူးအမိုးကနေ စပြိုကျတာ။ ကျလာတဲ့ အုတ်ချပ်တွေကြည့်လိုက်ရင်လည်း ရှေးအုတ်တွေကြီးသာ။ ပြိုကျပီးကျန်နေတဲ့ အုတ်စီအုတ်နင်းကိုကြည့်တော့ ၁- ရေဝင်-ရေဝ ထားတဲ့ လက္ခဏာတွေ့ရတယ်။ ၂- လေထုထဲမှာ ရေခိုးရေငွေ့ပါဝင်မှုနှုန်းများတာ၊ ( Humidity) ၃- လုံလောက်တဲ့ နေရောင်ချည်နှင့် အပူဓာတ်မရတာ၊ ၄- အုတ်သားထုက အသက်ဝဝ ရှူလို့မရတဲ့ လက္ခဏာတွေ့ရတယ်။ ကိုယ်ထည်ထဲဝင်နေတဲ့ ရေခိုးရေငွေ့ ကို နေပူတဲ့အချိန်၊ ရာသီဥတုပူတဲ့ အချိန်မှာ အငွေ့ပျံသွားအောင် မထုတ်နိုင်တော့တာ၊ ၅- မြေသား အင်္ဂတေရဲ့ တွယ်ကပ်၊ တွယ်ကုပ်နိုင်မှု စွမ်းအားမရှိတော့ဘူး။ သာမန် ရွံစေးမြေသာသာဖြစ်လာတာ၊ ၆- မိုးရွာတဲ့အခါ မိုးကျတဲ့ဒဏ်ကို ၂၄ နာရီလောက်ခံရတဲ့အခါ ဘုရားကိုယ်ထည်၊ အုတ်သားထုကိုယ်ထည်ဟာ မိုးရေဒါဏ်ကို ထိမ်းမထားနိုင်တော့တာတွေကြောင့် ပြိုကျတယ်။” လို့ မှတ်ချက်ပြုထားတာ တွေ့ရပါတယ်။

ဆင်ကဘုရားဟာ ၁၃ ရာစုလက်ရာတစ်ခုဖြစ်ပြီး ၁၉၇၂ခုနှစ်ကတည်း ရှေးဟောင်းအဆောက်အဦအဖြစ် မှတ်တမ်းဝင်ထားကြောင်းနဲ့ ၂၀၁၆ ခုနှစ် ပုဂံငလျင်မှာလည်း ထိခိုက်မှုမရှိခဲ့ဘူးလို့လည်း ဖော်ပြထားပါတယ်။

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်တဲ့ ညောင်ဦးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၁၂ ရက်နေ့မှာ မိုးရေချိန်လက်မ ၈.၅၁ လက်မရွာသွန်းခဲ့ပြီး အရင်စံချိန်ဟောင်းက ၂၀၀၀ ပြည့်နှစ်က ၃ ဒသမ ၆ လက်မသာဖြစ်လို့ စံချိန်သစ် နှစ်ဆကျော်တင်ခဲ့တာဖြစ်သလို လေကြောင်းမိုးလေဝသစခန်း ဖွင့်လှစ်တဲ့ ၃၅ နှစ်အတွင်း အမြင့်ဆုံး မိုးရေချိန် စံချိန်သစ်တင်ခဲ့တာဖြစ်တယ်လို့လည်း မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ဒီမနက်မှာ သတင်းထုတ် ပြန်ထားပါတယ်။

စံချိန်တင်အောင် မိုးရွာသွန်းခဲ့တာကြောင့် လတ်တလောမှာ ပြန်ဆယ်ထားတဲ့ ပုဂံရှေးဟောင်းရေကန်တွေလည်း ရေပြည့်နေသလို ဆင်ကဘုရားလည်း ပြိုကျခဲ့ပေမဲ့ ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ သာသနာရေးနဲ့ ယဥ်ကျေးမှုဝန်ကြီးဌာနကတော့ ပုဂံဘုရားတွေ ထိခိုက်မှုနဲ့ပတ်သက်လို့ ထုတ်ပြန်လာမှုမရှိသေးသလို မြန်မာနိုင်ငံအလယ်ပိုင်းမှာ မိုးရွာသွန်းမှုကလည်း မနက်ဖြန်အထိ ရှိနေနိုင်ဦးမှာဖြစ်ပါတယ်။

ပုံစာ။ ဆင်ကဘုရားပြိုကျခဲ့မှု မြင်ကွင်းများ (Photo – Ko Htun Yati & CJ)

Leave a Reply

Your email address will not be published. Required fields are marked *