September 19, 2024

၁၂.၉. ၂၀၂၄
Written by Shwe Phyo

မြန်မာ MAI လေကြောင်းလိုင်းသည် ရုရှားနိုင်ငံနှင့် ရန်ကုန်- မန္တလေး- နိုဗိုဆီဘရစ်မြို့ကြား လေကြောင်းပျံသန်းပြေးဆွဲမှုများကို အောက်တိုဘာ ၉ ရက်နေ့တွင် တစ်ကျော့ပြန် စတင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလေကြောင်းလိုင်းသည် ၂၀၂၅ ခုနှစ်တွင် ရုရှားနိုင်ငံမြို့တော် မော်စကိုမြို့နှင့်လည်း လေကြောင်းတိုက်ရိုက်ပျံသန်းပြေးဆွဲမှုများလုပ်ဆောင်ရန် စီစဉ်ထားကြောင်း သိရသည်။

ရုရှားနိုင်ငံရှိ လေကြောင်းလိုင်းတာဝန်ရှိသူတစ်ဦးဖြစ်သောအလက်ဇန်ဒါ ရှာခါနာဇာရိုဗာက “ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၆ ရက်နေ့မှာ ရုရှားနိုင်ငံမြို့တော်တစ်ခုဖြစ်တဲ့ နိုဗိုဆီဘရစ်မြို့နဲ့လေကြောင်းချိတ်ဆက်ပျံသန်းမှုတွေ စတင်လုပ်ဆောင်ခဲ့ဖူးတယ်။ ဒီနှစ်မှာတော့ ရန်ကုန်- မန္တလေး- နိုဗိုဆီဘရစ်မြို့ကြား လေကြောင်းပျံသန်းပြေးဆွဲမှုများကို အောက်တိုဘာ ၉ ရက်နေ့မှာ ပြန်လည်လုပ်ဆောင်သွားမယ်။ အဲဒီလေကြောင်း ပျံသန်းပြေးဆွဲမှုတွေ တစ်ကျော့ပြန်လုပ်ဆောင်ချိန်မှာ နိုဗိုဆီဘရစ်မြို့ကနေ ရန်ကုန်၊ မန္တလေးမြို့တို့ကို ပျံသန်းမယ့် အစီအစဉ်ကို တစ်ပတ် ၂ ကြိမ်ပျံသန်းပေးသွားမယ်။ ရုရှားနိုင်ငံကနေ သီတင်းပတ်တစ်ပတ်ကို ဗုဒ္ဒဟူးနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ ပြေးဆွဲသွားဖို့ စီစဉ်ထားတယ်။ မြန်မာနိုင်ငံကတော့အင်္ဂါ၊ ကြာသပတေးနေ့တွေမှာ ပျံသန်းပြေးဆွဲသွားမယ်။” ဟုပြောသည်။

အဆိုပါပျံသန်းပြေးဆွဲမှုများကို ထိုင်ခုံ ၁၀၅ ခုံပါဝင်မည့် Airbus A319/A320 လေယာဉ်များဖြင့် ပျံသန်း ပြေးဆွဲသွားမည်ဖြစ်ကြောင်း ပြီးခဲ့သောနှစ် စက်တင်ဘာလမှ ဧပြီလအတွင်း လေကြောင်းလိုင်းသည် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံကြား ခရီးသည်စုစုပေါင်း ၂၅၀၀ ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း ၎င်းကထပ်မံပြောဆိုခဲ့သည်။

အလက်ဇန်ဒါ ရှာခါနာဇာရိုဗာက” ကျွန်မတို့လေကြောင်းလိုင်းဟာ ရုရှားနိုင်ငံမြို့တော် မော်စကိုမြို့နဲ့လည်း ပျံသန်းမှုတွေလုပ်ဆောင်ဖို့ စီစဉ်နေပြီး ၂၀၂၅ ခုနှစ်မှာ ပျံသန်းမှုစတင်ဖို့အလားလာရှိနေပေမယ့် ရက်အတိအကျတော့ ပြောလို့မရနိုင်သေးဘူး။ လက်ရှိအချိန်မှာ နိုဗိုဆီဘရစ်မြို့ကို ပျံသန်းနိုင်မယ့်အခွင့်ရေးရရှိတဲ့အတွက် ကျေနပ်မိပါတယ်။” ဟု ပြောသည်။

REF , rustourismnews

Leave a Reply

Your email address will not be published. Required fields are marked *