September 18, 2024

၁၂.၉. ၂၀၂၄
Written by Shwe Phyo

မြန်မာနိုင်ငံသည် ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာတဝှမ်းရှိ ကျဆုံး Failed States နိုင်ငံများစာရင်းတွင် ကမ္ဘာ့အဆင့် ၁၁ နေရာ၌ ရပ်တည်နေကြောင်း အမေရိကန်အခြေစိုက် Fund for Peace အဖွဲ့အစည်း၏ ထုတ်ပြန်ချက်များထဲတွင် ဖော်ပြထားသည်။

အမေရိကန်အခြေစိုက် Fund for Peace အဖွဲ့အစည်းသည် ကမ္ဘာတဝှမ်းရှိနိုင်ငံများကို လေ့လာစောင့်ကြည့်ခဲ့ပြီးနောက် Failed States နိုင်ငံများစာရင်းကို အဆင့်သတ်မှတ်ဖော်ပြခဲ့ပြီး နိုင်ငံပေါင်း ၁၇၉ နိုင်ငံကို အမှတ်ပေးကာ ကမ္ဘာ့အဆင့်သတ်မှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတစ်နိုင်ငံကို Failed States နိုင်ငံအဖြစ် သတ်မှတ်ဖော်ပြရာတွင် အဓိကအားဖြင့် အစိုးရများ၏ နိုင်ငံနယ်နိမိတ်ကို ကောင်းစွာမထိန်းချုပ်နိုင်ခြင်း၊ အုပ်ချုပ်ရေးအာဏာ တစ်နိုင်ငံလုံးသို့ ပြည့်ပြည့်ဝဝ မသက်ရောက်ခြင်း၊ လက်နက်ကိုင်အဖွဲ့အစည်းများရှိခြင်း (တိုက်ခိုက်မှုများ ရှိနေခြင်း)၊ ဒေသခေါင်းဆောင်တို့၏ သြဇာက ပြည်ထောင်စုအာဏာထက် ပိုလွန်နေခြင်း၊ အစိုးရအဖွဲ့အတွင်း အဂတိလိုက်စားမှု ဆိုးဆိုးဝါးဝါး ဖြစ်နေခြင်း၊ စွမ်းရည်ကျဆင်းနေသော ဗျူရိုကရေစီစနစ်နှင့် ရုံးလုပ်ထုံးဆိုင်ရာများ နှေးကွေးလွန်းနေခြင်း၊ ရာဇဝတ်မှုခင်း များပြားလွန်းလာခြင်း၊ တရားစီရင်ရေးအာဏာ လျော့ရဲလာခြင်း၊ ပြည်သူ့ရေးရာဝန်ဆောင်မှုလုပ်ငန်းများ ကောင်းမွန်စွာ မဆောင်ရွက်နိုင်ခြင်း၊ နိုင်ငံတကာဆက်ဆံရေးတွင် နိုင်ငံရေးသြဇာ တစ်စစ ကျဆင်းလာခြင်း၊ လက်နက်ကိုင်အကြမ်းဖက်လုပ်ရပ်များ ဖြစ်ပေါ်နေခြင်း၊ စီးပွားရေး စွမ်းဆောင်ရည်ကျဆင်းနေခြင်း စသည့်အချက်များကိုအခြေခံကာ တွက်ချက်ခြင်းဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံသည် ၂၀၂၄ ခုနှစ်အတွက် Failed States နိုင်ငံများစာရင်းတွင် ရမှတ် ၁၀၀ ဖြင့် ကမ္ဘာအဆင့် ၁၁ နေရာတွင်ရှိနေပြီး ဆိုမာလီယာနိုင်ငံ၊ ဆူဒန်၊ တောင်ဆူဒန်၊ ဆီးရီးယား၊ ကွန်ဂို နိုင်ငံတို့က ကမ္ဘာ့ထိပ်ဆုံးငါးနိုင်ငံစာရင်းတွင် အဆင့်လိုက်ရပ်တည်နေကြောင်း သိရသည်။ ထို့အတူ ယီမင် ၊ အာဖဂန်နစ္စတန်၊ ဗဟိုအာဖရိက၊ ဟေတီ၊ ချဒ် တို့က မြန်မာနိုင်ငံအထက်တွင် ရှိနေကြောင်း သိရသည်။

Failed States နိုင်ငံများစာရင်းတွင် အမှတ်အနည်းဆုံးရရှိခဲ့သလို အဆင့်သတ်မှတ်ချက်အောက်ဆုံးတွင်ရှိနေသော ကောင်းမွန်သည့် နိုင်ငံများစာရင်း၌ နော်ဝေး၊ ဖင်လန်၊ အိုက်စလန်တို့ ရှိနေကြောင်း သိရသည်။၂၀၂၄ ခုနှစ်အတွက် Failed States နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံသည် အာရှတိုက်အတွင်းရှိ နိုင်ငံများထဲ၌ ထိပ်ဆုံးငါးနိုင်ငံအတွင်း ရပ်တည်နေကြောင်း သိရသည်။

REF , Fund for Peace

Leave a Reply

Your email address will not be published. Required fields are marked *