September 19, 2024

၁၂. ၉. ၂၀၂၄
Written by Nyein Kyaw

စပါးစိုက်ခင်းများ ‌ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့သော ပြည်နယ်နှင့်တိုင်းဒေသကြီး ၅ ခုတွင် ယခုဘဏ္ဍာနှစ်အတွင်း သီးနှံအာမခံအတွက် ကျပ် ၁၂ ဘီလျံကျော် လျော်ကြေးပေးသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ယမန်နေ့က ပြုလုပ်သည့် ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ (၃/၂၀၂၄) အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ဒေသအချို့တွင် စပါးခင်းများ ရေကြီးနစ်မြုပ်မှုများကြောင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း မြန်မာ့အာမခံလုပ်ငန်းတွင် ထားရှိသည့် ရာသီဥတုညွှန်းကိန်းအခြေပြု သီးနှံအာမခံအတွက် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် စုစုပေါင်းလျော်ကြေးငွေအနေဖြင့် ၁၂ ဒသမ ၂၆၅ ဘီလျံခန့် ပေးလျော်သွားမည်ဖြစ်သည်။

လယ်သမားများအနေဖြင့် ဆုံးရှုံးမှုမရှိစေရန် ရာသီဥတုညွှန်းကိန်း အခြေပြုသီးနှံအာမခံထားရှိရေး၊ ဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက အာမခံလျော်ကြေးပေးအပ်မှုအခြေအနေများကိုလည်း ပြည်သူများ သိရှိရေးအသိပညာပေးမှုများ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စပါးအထွက်နှုန်းမကျဆင်းစေရန် ပြန်လည်စိုက်ပျိုးနိုင်မည့် မျိုးစပါး၊ မြေဩဇာနှင့် စိုက်ပျိုးရေးဆေးများ အချိန်မီရရှိရေးအတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများအားလုံးမှ ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ်မိုးစပါးစိုက်ဧက ၁၅ သန်းနှင့် နွေစပါးစိုက်ဧက နှစ်သန်းစိုက်ပျိုးမှုအနက် ယခုနှစ်တွင် ရေလွှမ်းမိုးမှုဒဏ်ခံရသည့် မိုးစပါးစိုက်ဧက တစ်သန်းခန့်ရှိသော်လည်း မိုးစပါးစိုက်ဧက ၁၄ သန်းခန့်အထိ ပုံမှန်အတိုင်း စိုက်ပျိုးထားနိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဩဂုတ် ၁၂ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

ပုံစာ- ပဲခူးတိုင်းတွင်း စပါးစိုက်ခင်းများ ရေကြီးနစ်မြုပ်ခဲ့မှုများကို တွေ့ရစဉ်။

Leave a Reply

Your email address will not be published. Required fields are marked *