September 19, 2024

◾ တိုင်ဖွန်း ရာဂီနှင့်ဆက်စပ်ဖြစ်ပေါ်သော ဘေးဆိုးများအောက်တွင် ဗီယက်နမ်နိုင်ငံအတွင်း စက်တင်ဘာလ ၁၁ ရက် ညပိုင်းထိ သေဆုံးသူ ၁၅၅ ဦးရှိလာကာ ရာနှင့်ချီသော ပြည်သူများဒဏ်ရာရခဲ့ကြပြီး ၁၄၁ ဦးပျောက်ဆုံးနေ

၁၂. ၉. ၂၀၂၄
Translated by Htwe Ko Tun

ဗီယက်နမ်နိုင်ငံမြောက်ပိုင်းတွင် စက်တင်ဘာလ ၇ ရက်မှ စက်တင်ဘာလ ၉ ရက်အထိ တိုင်ဖွန်းရာဂီက ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ရေလွှမ်းမိုးခြင်း၊ မြေပြိုခြင်းများကိုပါ တွေ့ကြုံရလျက်ရှိရာ စက်တင်ဘာလ ၁၀ ရက်၌ နိုင်ငံမြောက်ပိုင်း၊ လောကိုင်ပြည်နယ်အတွင်း တောင်ပေါ်မှကျဆင်းလာသော ရေများကြောင့် လန်နုအမည်ရှိ ရွာငယ်တစ်ခုကို ပြင်းထန်သောအရှိန်ဖြင့် ရေတိုက်စားသွားခဲ့ရာ ရွာသူရွာသားများ အများအပြားသေဆုံး၍ ပျောက်ဆုံးနေသူများလည်းအများအပြား ရှိကြောင်း သိရသည်။

နိုင်ငံပိုင် ရုပ်မြင်သံကြားသတင်းဌာန VTV က တောင်ကျရေများ ပြင်းထန်စွာတိုက်စားလွှမ်းမိုးသွားမှုကြောင့် လန်နုကျေးရွာအတွင်း မိသားစု ၃၅ စုမှာ ရွှံ့နွံများနှင့် အခြားအပျက်အစီး အမှိုက်သရိုက်များအောက်တွင် နစ်မြုပ်ဖုံးလွှမ်းခြင်းခံခဲ့‌ရကြောင်း၊ ရွာသားအနည်းငယ်သာ အသက်ရှင်ကျန်ရစ်ခဲ့ပြီး ကယ်ဆယ်ရေးသမားများက သေဆုံးနေသူ အလောင်း ၃၀ ကို ပြန်လည်တွေ့ရှိကာ ပျောက်ဆုံးနေသည့် ကျန် ၆၅ ဦးခန့်ကိုလည်း ရှာဖွေနေကြောင်း စက်တင်ဘာလ ၁၁ ရက်တွင် လွှင့်ထုတ်သွားခဲ့သည်။

တိုင်ဖွန်းရာဂီ တိုက်ခတ်မှုတွင် ၎င်းနှင့်ဆက်စပ်သည့် ဘေးအမျိုးမျိုးကြောင့် ဗီယက်နမ်နိုင်ငံအတွင်း သေဆုံးရသူဦးရေမှာလည်း စက်တင်ဘာလ ၉ ရက် ညပိုင်းတွင် ၆၃ ဦးရှိခဲ့ရာမှစက်တင်ဘာလ ၁၁ ရက် ညပိုင်းအထိ ၁၅၅ ဦးရှိကာ ရာနှင့်ချီသော ပြည်သူများဒဏ်ရာရခဲ့ကြပြီး ၁၄၁ ဦးပျောက်ဆုံးနေသည်အထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

သေဆုံးရသူများ၏အများစုမှာ ရေလွှမ်းမိုးခြင်းနှင့်မြေပြိုခြင်းများကြောင့်ဖြစ်ရပြီး တရုတ်နိုင်ငံနှင့် နယ်နိမိတ်ဆက်စပ်နေသော နိုင်ငံအနောက်မြောက်ပိုင်း လောကိုင်ပြည်နယ်အတွင်း အများအပြားဖြစ်ပွားခဲ့ရခြင်းလည်းဖြစ်သည်။ ပြည်နယ်အတွင်း မြေပြိုမှုများနှင့် အဆက်မပြတ်ရွာသွန်းနေသည့်မိုးကြောင့် လမ်းများမှာလည်း ပျက်စီးပိတ်ဆို့လျက်ရှိသည်။

သည်းထန်စွာရွာသွန်းနေသည့်မိုးအောက်တွင် စက်တင်ဘာလ ၉ ရက်ကလည်း ဖူသိုးပြည်နယ်ရှိ တံတားကြီးတစ်စင်းပြိုကျမှု၌ တံတားပေါ်မှသွားလာနေသော မော်တော်ကားဆယ်စီးနှင့် ဆိုင်ကယ်နှစ်စီး မြစ်ထဲသို့ပြုတ်ကျခဲ့ရကာ လူအများအပြားသေဆုံးခဲ့ရသည်။ တစ်ဖန် ကောဘန်ပြည်နယ်အတွင်း၌လည်း လူ ၂၀ ဦးတင်ဆောင်လာသော ဘတ်စ်ကားတစ်စီးမှာ မြေပြိုမှုဖြစ်ပွားပြီး ရေစီးကြောင်းထဲမျောပါသွားခဲ့ရသေးသည်။

ဆယ်စုနှစ်များအတွင်း ဗီယက်နမ်နိုင်ငံသို့ ဝင်ရောက်တိုက်ခတ်ခဲ့သော မုန်တိုင်းများအနက် အပြင်းထန်ဆုံးလည်းဖြစ်သည့် တိုင်ဖွန်းရာဂီက စက်တင်ဘာလ ၈ ရက်ကပင် တိုင်ဖွန်းအဆင့်မှ အားလျော့သွားပြီ ဖြစ်သော်လည်း နောက်ဆက်တွဲ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေခဲ့မှုကြောင့် မြစ်ရေများဆိုလျှင် စိုးရိမ်ရေမှတ်အထက်ရှိနေဆဲဖြစ်ကာ တိုင်ဖွန်း ရာဂီ နှင့်ဆက်စပ်ဖြစ်ပေါ်သော ဘေးဆိုးများအောက်တွင် လူအသေအပျောက် အများဆုံးနိုင်ငံဖြစ်နေရသည်။

Ref. Khaosod

Leave a Reply

Your email address will not be published. Required fields are marked *