September 19, 2024

◾️ပြည်ပတင်ပို့သော ဆန်ကြမ်းနှင့် ရွှေဘိုပေါ်ဆန်းဈေးနှုန်းများ တစ်အိတ်ကို ကျပ် ၃၀၀၀ မှ ၅၀၀၀ အထိ ဈေးနှုန်းမြင့်တက်လာ

၁၂. ၉. ၂၀၂၄
Written by Nyein Kyaw

စက်တင်ဘာလအတွက် သင့်တင့်မျှတသော ဆန်ဈေးနှုန်း ထုတ်ပြန်ရာတွင် သာမန်ပြည်သူစားသုံးသည့် ပြည်တွင်းစားဆန်ဈေးနှုန်းများ ပြောင်းလဲမှုမရှိခဲ့သော်လည်း တန်းမြင့်ပေါ်ဆန်းဆန်များ တစ်အိတ် ကျပ် ၅၀၀၀ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ရည်ညွှန်းဆန်းဈေးနှုန်းအရ သိရသည်။

(၁၀၈) ပေါင်/ (၂၄)ပြည် ဆန်တစ်အိတ် ဈေးနှုန်းသတ်မှတ်ချက်အရ ပြည်ပတင်ပို့သည့် ဆန်ကြမ်း အုပ်စုများ (ဧည့်မထ/ ငစိန်) (ဆင်းသုခ၊ သီးထပ်ယဉ်၊ ရတနာတိုး၊ ငစိန် ရာကျော်၊ ကရင်မ၊ ထွန်းပု၊ GW-၁၁ ၊ စောရုပ်၊ ၇၄၇၊ သီးပု၊ ရွှေမန်း စသော ဧည့်မထ/ ငစိန် အုပ်စုဝင် ဆန်ကြမ်းများ)အတွက် ၂၅ မှတ်ဆန် တစ်အိတ် ကျပ် ၇၁,၀၀၀၊ ၂၅ မှတ်ဆန် ပြည်ပတင်ပို့မည့် ၅၀ ကီလိုဂရမ်တစ်အိတ် ကျပ် ၇၈,၀၀၀၊ ၁၅ မှတ်ဆန်တစ်အိတ် ကျပ် ၇၃,၀၀၀ ၊ ၁၅ မှတ်ဆန် ပြည်ပတင်ပို့မည့် ၅၀ ကီလိုဂရမ်တစ်အိတ် ကျပ် ၈၀,၀၀၀ ၊ ၁၀-၅ မှတ်ဆန် တစ်အိတ် ကျပ် ၇၅,၀၀၀ ၊ ၁၀-၅ မှတ်ဆန် ပြည်ပတင်ပို့မည့် ၅၀ ကီလိုဂရမ်တစ်အိတ် ကျပ် ၈၃,၀၀၀ သတ်မှတ်ထားသည်။

ပြည်ပတင်ပို့သည့် ဆန်ကြမ်းအမျိုးအစားများသည် ပြီးခဲ့သည့် ဩဂုတ်လထက် တစ်အိတ် ကျပ် ၃၀၀၀ မြင့်တက်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အဆိုပါ ဆန်အမျိုးအစားများသည် ပြီးခဲ့သည့် ဩဂုတ်လတွင် ဇူလိုင်လထက် ကျပ် ၈၀၀၀ ဝန်းကျင်အထိ ဈေးနှုန်းလျှော့ချသတ်မှတ်ထားခြင်းဖြစ်သည်။

ပြည်ပတင်ပို့မှုနှင့် ပြည်တွင်းစားသုံးမှုပါရှိသော အရည်သွေးအသင့်တင့်ရှိသော ဆန်အမျိုးအစား တစ်အိတ်ကို ကျပ် ၈၇၀၀၀ ဖြင့် ယခင်ဩဂုတ်လအတိုင်း သတ်မှတ်ထားသည်။ မြန်မာပြည်အောက်ပိုင်းမှ ထွက်ရှိသော စားသုံးမှုအရည်သွေးကောင်မွန်သည့် ပြည်တွင်းစားဆန်အမျိုးအစားများကိုလည်း တစ်အိတ် ကျပ် ၉၈၀၀၀ ဖြင့် ယခင်ဩဂုတ်လအတိုင်း ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း သိရသည်။

မြန်မာပြည်အထက်ပိုင်းမှ ထွက်ရှိသော စားသုံးမှုအထူးကောင်းမွန်သော ဆန်းအမျိုးအစားများကိုမူ အမျိုးအစားအပေါ်မူတည်ပြီး ကျပ် ၁၀၃,၀၀၀ မှ ကျပ် ၁၃၃၀၀ ကြားတိုးမြှင့်သတ်မှတ်ခဲ့ပြီး ယခင်ဩဂုတ်လထက် ကျပ် ၃၀၀၀ ဈေးနှုန်းမြင့်တက်ခဲ့သည်။

ပေါ်ဆန်းဆန်အုပ်စုများအား အမျိုးအစားအပေါ်မူတည်ကာ တစ်အိတ် ကျပ် ၁၁၀,၀၀၀ မှ ၁၃၅,၀၀ အထိ တိုးမြှင့်သတ်မှတ်ခဲ့ပြီး တစ်အိတ်ကို ကျပ် ၅၀၀၀ မြင့်တက်ခဲ့သည်။ လူကြိုက်အများဆုံးဖြစ်သည့် ရွှေဘိုပေါ်ဆန်းဆန်အား တစ်အိတ်ကို ကျပ် ၁၅၀,၀၀၀ အထိ တိုးမြှင့်သတ်မှတ်ခဲ့ပြီး ယခင်ဩဂုတ်လထက် ကျပ် ၅၀၀၀ မြင့်တက်ခဲ့သည်။

သို့သော် ဈေးအရောင်းစင်တာ (Super Market၊ Mini Market) များတွင် Consumer Packaging ဖြင့် ရောင်းချမှုအတွက် ယခင်ဩဂုတ်လအတိုင်း ဈေးနှုန်းပြောင်းလဲမှုမရှိ သတ်မှတ်ထားပြီး ရွှေဘိုပေါ်ဆန်း တစ်ကီလိုဂရမ် ၃၈၀၀ ၊ ဧရာဝတီပေါ်ဆန်း တစ်ကီလိုဂရမ် ကျပ် ၃၃၀၀ ၊ ရက်(၉၀)/ အထူးဧည့်မထ တစ်ကီလိုဂရမ် ကျပ် ၂၅၀၀ အတွင်း သတ်မှတ်ထားသည်။

ဈေးကွက်အတွင်း ထုတ်လုပ်ရောင်းချမှု အနည်းငယ်သာရှိသည့် ရှမ်းဆန်၊ ကောက်ညှင်းဆန်များ၊ ရေကြည်ပေါ်ဆန်း၊ ဘာစမာတီဆန်၊ နမာ့သလေးဆန်၊ ခေါက်နမ်းခမ်းဆန်၊ ဆန်နီ၊ ဆန်ညို (Rice Berry)၊ ပေါင်းဆန်၊ စံပယ်ဆန်မွှေး (Jasmine)နှင့် ပြည်တွင်းစားဆန် တောင်ပျံတို့အတွက်ပါ တစ်ကီလိုဂရမ်ဈေးနှုန်းများ ထုတ်ပြန်ပေးခဲ့ပြီး ဈေးကွက်အတွင်းရောင်းချရာတွင် အထက်ဖော်ပြပါ သင့်တင့်မျှတသော ရည်ညွှန်းဈေးများအပေါ် ၈% ထက်ပို၍ ရောင်းချခြင်း မပြုရန် သတိပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *