September 20, 2024

◾ တပ်ကုန်းမြို့အနီး လက်ပံကုန်းရွာတွင်လည်း တစ်ရွာလုံးပိတ်မိနေပြီး ကယ်ဆယ်နိုင်မှုမရှိ​သေး

MT News
၁၂. ၉. ၂၀၂၄

အဆက်မပြတ်ရွာသွန်းနေသောမိုးကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားနေသော ရမည်းသင်းမြို့နယ်အတွင်းမှ ပြည်သူ ၅၃၉၇၂ ဦးရေဘေးသင့်ခဲ့ပြီး ၁၀ ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်/ကျေးရွာအုပ်စုများမှ အိမ်ထောင်စု(၁၅၁၁၃)စု၊ အမျိုးသား(၂၃၉၉၅)ဦး၊ အမျိုးသမီး (၂၉၉၇၇)ဦး၊ စုစုပေါင်း (၅၃၉၇၂)ဦး ရေဘေးသင့်ခဲ့ရသည်။

အဆိုပါရေဘေးအတွင်း ဆည်ကြီးကျေးရွာအုပ်စုအတွင်း ဆည်ကြီးကျေးရွာမှ အမျိုးသား(၁)ဦး၊ ညောင်အိုင်ကျေးရွာမှ အမျိုးသမီး(၁)ဦး၊ မြင်းနားကျေးရွာအုပ်စုအတွင်း ကံသာအေးကျေးရွာမှ အမျိုးသား(၂)ဦး၊ အမျိုးသမီး(၄)ဦး၊ ရွှေနန်းပေါ်ကျေးရွာမှ အမျိုးသမီး(၁)ဦး၊ ဝါးဖြူတောင်ကျေးရွာအုပ်စုအတွင်း ချောင်းဖျားကျေးရွာမှ အမျိုးသမီး(၁)ဦး၊ စုစုပေါင်း (၁၀)ဦး (သေဆုံး)ခဲ့ကြောင်း ကနဦးသတင်းအရ သိရသည်။

အဆိုပါ ရေဘေးသင့်ပြည်သူများအား ရမည်းသင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း ၍ သီလဝခန်းမ၊ သာသနာ့ဗိမာန်၊ ဘုန်းကြီးကျောင်း၊ ရွာတန်းခန်းမ၊ ကိုးခန်းကြီးဓမ္မာရုံ၊ ရန်ကြီးအောင်ကျောင်း စသည့်ရေဘေးရှောင်နေရာများနှင့် နီးစပ်ရာဆွေမျိုးထံသို့ ကူညီရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်၊၊

ရာဂီမုန်တိုင်း၏ Low Cell များကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်မှ မြို့ရွာများမှာ ရေကြီးရေလျှံမှုများဖြစ်ပွားနေသလို နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့အနီးမှ လက်ပံကုန်းရွာအပါအဝင် ရွာအချို့မှာလည်း ရွာလုံးကျွတ် ပိတ်မိနေမှုများ၊ နေအိမ်မျောပါ လူသေဆုံးမှုများ ဖြစ်ပေါ်နေပြီး ယမန်နေ့ညမှ လက်ရှိအချိန်အထိ ကယ်ဆယ်နိုင်မှုမရှိသော သူအများအပြားရှိနေကြောင်းလည်း သိရသည်။

ပုံစာ။ ရမည်းသင်းမြို့နယ်အတွင်း ရေနစ်မြုပ်နေမှုနှင့် တပ်ကုန်းမြို့နယ်အတွင်း ပိတ်မိနေသူများ၏ အကူအညီတောင်းခံနေမှု တွေ့ရစဥ်။

Leave a Reply

Your email address will not be published. Required fields are marked *