September 20, 2024

◾ ကျုးလွန်သူမှာ ဓားဖြင့် အထိုးခံရသူအမျိုးသမီး၏ သူငယ်ချင်းနှင့် ရည်းစားဖြစ်နေသူဟု ဆို

၁၁.၉.၂၀၂၄
Written By Zun

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊မုန့်လက် ဆောင်းတောင်ရပ်ကွက်၊ မိုးမခလမ်း၊ တိုက်အမှတ်(၃၂) ပထမထပ်တွင်နေထိုင်သူ အမျိုးသမီးတစ်ဦးအား အမျိုးသားတစ်ဦးက ဓားဖြင့် ၄ ချက်ထက်မနည်းထိုးကာ ထွက်ပြေးလွတ်မြောက်နေကြောင်း သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၁၀ ရက် ည ၉ နာရီကျော်အချိန်ခန့်က အဆိုပါတိုက်ခန်းနေ မခင်ဝင့်ဝါထံ အင်းစိန် မြို့နယ်၊ ဖော့ကန်ရပ်ကွက်၌ နေထိုင်သူ ကျော်ကျော်သက်ဆိုသူရောက်လာပြီးနောက် ဓားထိုးမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဓားဖြင့်အထိုးခံရသည့် မခင်ဝင့်ဝါမှာ အသက် ၂၀ ကျော်အရွယ်ဖြစ်ပြီး ၎င်း၏ ဆွဲကြိုးကို မခင်ဝင့်ဝါ၏ သူငယ် ချင်းနှင့်သမီးရည်းစားဖြစ်နေသူ ကျော်ကျော်သက်က ပြန်လာပေးစဉ် စကားများရာမှ ဓားဖြင့်ထိုးသည့်အခြေ အနေထိ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စမ်းချောင်းမြို့နယ် ရဲစခန်းက သိရသည်။

“ကျူးလွန်သူက ဓားနဲ့အထိုးခံရတဲ့ မခင်ဝင့်ဝါရဲ့ သူငယ်ချင်းရဲ့ရည်းစားလို့ သိရတယ်။ အခုကတော့ တရားခံကို မဖမ်းမိသေးပါဘူး။ အထိုးခံရတဲ့ မခင်ဝင့်ဝါက ဆေးရုံတက်နေတာဆိုတော့ သေသေချာချာ စစ်ဆေး မေးမြန်းတာတွေ မလုပ်ရသေးဘူး။ စကားမပြောနိုင်သေးဘူး။ ဒီနေ့တော့ သက်သာပြီလို့သိရတယ်”ဟု စမ်းချောင်းမြို့နယ် ရဲစခန်း၏ တာဝန်ကျ ရဲအရာထမ်းတစ်ဦးက MT News ကို ယနေ့ စက်တင်ဘာလ ၁၁ ရက်က ပြောသည်။

ဖြစ်စဉ်ကြောင့် မခင်ဝင့်ဝါ၏ ဘယ်ဘက်ပါး၊ ညာဘက်ပါးတို့တွင်  ဓားဒဏ်ရာနှစ်ချက်၊ လည်ပင်းတွင် ဓားဒဏ်ရာ တစ်ချက်၊ ဝမ်းဗိုက်တွင် ဓားဒဏ်ရာတစ်ချက် စသော ပြတ်ရှဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူအား စမ်းချောင်းမြို့နယ် အရန်မီးသတ်က ရဲသူရိန်ပရဟိတအသင်းလူနာတင်ယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။

“သတင်းရတာက ည ၁၀ နာရီ ထိုးတော့မယ်။ ၉ နာရီ မိနစ် ၅၀ လောက်ကပါ။ အမျိုးသမီးတစ်ယောက် ဓားထိုးခံရတယ်လို့ အကူအညီတောင်းတာကြောင့် ရန်ကုန်ဆေးရုံကြီးကို ပို့ခဲ့ပါတယ်။ ဒဏ်ရာကတော့ အများကြီး မစိုးရိမ်ရပေမဲ့ အချက်ရေများတယ်”ဟု လိုက်ပါကူညီခဲ့သူတစ်ဦးက MT News ကို ပြောသည်။

လက်ရှိတွင် အဆိုပါကျူးလွန်သူကို အပြင်းအထန်နာကျင်စေမှု ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ကာ နယ်ထိန်းတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိရေးအတွက် ပူးပေါင်းစုံစမ်းနေကြကြောင်း သိရသည်။

ရာဇသတ်ကြီးပုဒ်မ ၃၂၆ မှာ အပြင်းအထန်နာကျင်စေမှုဖြစ်သောကြောင့် အမြင့်ဆုံးပြစ်ဒဏ်အနေဖြင့် အလုပ်နှင့်ထောင်ဒဏ် ၇ နှစ်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည့် ပုဒ်မဖြစ်ကြောင်း သိရသည်။ (Photo – SC FS)

Leave a Reply

Your email address will not be published. Required fields are marked *