September 20, 2024

၁၁.၉.၂၀၂၄
Photo@Written by TZ

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိနှင့် ပုဗ္ဗသီရိမြို့နယ်ရှိ တံတားသုံးစင်းရေတိုက်စား၍ ယနေ့ စက်တင်ဘာ ၁၁ ရက်နေ့တွင် တံတားများကျိုးကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၁၀ ရက်နေ့မှ မိုးများ အဆက်မပြတ်ရွာသွန်းမှုကြောင့် တပ်ကုန်းမြို့နယ်အတွင်းရှိ နဝင်းချောင်းနှင့်တောင်ကျချောင်းရေများ များပြားလာကာ စက်တင်ဘာလ ၁၁ ရက် နံနက် ၂ နာရီဝန်းကျင်တွင် ရေတက်အားကြမ်းလာပြီး တပ်ကုန်းမြို့ရှိ ရပ်ကွက်များနှင့် ကျေးရွာအများအပြား နေအိမ်ခေါင်မိုးအထိ ရေများလွမ်းမိုးမှုကြောင့် လူသေဆုံးမှုများလည်း ရှိခဲ့သည်။

ထို့ပြင် ရေတက်အားနှင့် တိုက်စားမူကြောင့် ဇေယျာသီရိမြို့နယ်၊ နန်းသြအုပ်စုရှိ ဥယျာဥ်တံတား၊ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်အုပ်စု၊ သာယာဝှမ်း၊ ကျည်တောင်ရွာ၊ ရွှေပေါင်းလောင်းမြစ်ကူးတံတားတို့ ပျက်စီးပြီး၊ ပုဗ္ဗသီရိမြို့နယ်ရှိ ဆင်သေချောင်းတံတားလည်း ရေတိုက်စားမှုကြောင့် တံတားကျိုးကျမှုဖြစ်ပွားခဲ့သည်။

“ဇေယျာသီရိက ဥယျာဥ်တံတားက ကွန်ကရစ်တံတားတစ်စင်း မနက် ၁၀ နာရီက ​ကျိုးကျတယ်။ ရွှေပေါင်းလောင်းတံတားက သစ်သားတံတားလည်း ကျိုးကျတယ်။ ပြီးတော့ ပုဗ္ဗသီရိမြို့က ဆင်သေချောင်းတံတားက အသွားနဲ့အပြန်ဆိုပြီး တံတားက နှစ်ဖက်ရှိတယ်။ တစ်ဖက်က နံနက်ပိုင်းက တံတားကိုင်းသွားတယ်။ ​နောက်တစ်ဖက်က ၃ နာရီ ၄၅ မိနစ်လောက်က ကျိုးကျတယ်”ဟု ဒေသခံတစ်ဦးမှ MT News သို့ဖြေကြားသည်။

ထို့အတူ တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာတွင် ပြည်သူများနေအိမ်၊ သစ်ပင်ပေါ်တို့တွင် တက်ရောက်၍နေနေရသလို၊ အုတ်ဖိုကျောင်းရှိ ဘုန်းတော်ကြီးများနှင့် ရှင်သာမဏေများ ညကတည်းကပင် ပိတ်မိနေကြောင်း ဒေသခံများထံမှ သိရသည်။

ထို့ပြင် နေအိမ်များရေလွမ်းမှုကြောင့် နေအိမ်ရေနစ်နေသည့် ပြည်သူတစ်ဦးမှ MT News သို့ ဆက်သွယ်ပြောကြားရာ”ည ၂ နာရီလောက်ကြတော့ ရေတွေတက်လာတာ။ အိမ်ကမိသားစုဆို သစ်ပင်တွေပေါ်တက်နေရတယ်။ ညီမတို့က မကျီးပင်ရွာက။ အိမ်တွေလည်း ရေစီးနဲ့ပါသွားတယ်။ လူတွေလည်း ပါသွားလောက်မယ်။ အကူအညီတွေလည်း လိုအပ်တယ်။ ဖုန်းလိုင်းတွေလည်း မရဘူး။ မိသားစုတွေဆို သစ်ပင်ပေါ်မှာ တက်နေရတယ်” ဟု မကျီးပင်ကျေးရွာတွင် နေထိုင်သူတစ်ဦးက MT News သို့ ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *