September 20, 2024

ထိုင်းနိုင်ငံတွင် တိုင်ဖွန်းရာဂီကြောင့် သေဆုံးရသူ လေးဦးရှိ၊ ယခုနှစ်မိုးရာသီအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်ဆက်စပ်သေဆုံးရသူ ၂၉ ဦးအထိရှိလာ

၁၁. ၉. ၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံတွင် မြို့တော်ဘန်ကောက်အပါအဝင် ပြည်နယ် ၄၈ ခုတွင် နေထိုင်ကြသောပြည်သူများအနေ ဖြင့် စက်တင်ဘာလ ၁၃ ရက်မှ စက်တင်ဘာလ ၁၈ ရက်အထိ မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရုတ်တရက် ရေလွှမ်းမိုးမှုများ ဖြစ်လာနိုင်ဖွယ်ရှိကြောင်း သတိပေးချက်ထုတ်ပြန်ထားသည်ဟု သိရသည်။

အမျိုးသားရေအရင်းအမြစ်ရုံး(ONWR) ၏ လူမှုကွန်ရက်စာမျက်နှာတွင် မြောက်ပိုင်းမုတ်သုန် လေဖိအားနည်းရပ်ဝန်းက စက်တင်ဘာလ ၁၃ ရက်နှင့် စက်တင်ဘာလ ၁၈ ရက်အကြားတွင် ထိုင်းနိုင်ငံ အထက်ပိုင်းကိုဖြတ်သန်းရွေ့လျားမည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် အနောက်တောင်မုတ်သုန်လေက ပိုမိုအားကောင်းလာသဖြင့် အချို့ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းလိမ့်မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ONWR က ရေကြီးမှုဖြစ်နိုင်သော ဒေသများအနေနှင့် ထိုကာလအတွင်း ရုတ်တရက်ရေကြီးမှုများဖြစ်လာနိုင်သဖြင့် ကြိုတင်၍ အကာအရံများ၊ ရေထွက်ပေါက်များ ပြုလုပ်ထားကြရန်လည်း သတိပေးချက်တွင် ဖော်ပြခဲ့သည်။

ထိုင်းနိုင်ငံသဘာဝဘေးတားဆီးကယ်ဆယ်ရေးဌာနကစက်တင်ဘာလ ၁၁ ရက်တွင် ထုတ်ပြန်ချက်အရ တိုင်ဖွန်းရာဂီကြောင့် ထိုင်းနိုင်ငံအတွင်း ရေလွှမ်းမိုးမှုများနှင့်မြေပြိုမှုများဖြစ်ခဲ့ရာတွင် နိုင်ငံမြောက်ပိုင်း၌ လူလေးဦးသေဆုံးခဲ့ရကြောင်း ကြေညာခဲ့သည်။ နှစ်ဦးမှာ ချင်းမိုင်ပြည်နယ်အတွင်း မြေပြိုမှုတစ်ခု၌ သေဆုံးခဲ့ပြီး ကျန်နှစ်ဦးမှာ မြန်မာနိုင်ငံနှင့်နယ်စပ် ချင်းရိုင်ပြည်နယ်အတွင်း သေဆုံးခဲ့ရကြောင်း သိရသည်။

မိုးလေဝသဌာနကလည်း စက်တင်ဘာလ ၁၇ ရက်အထိ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းမည်ဖြစ်ရာ ရုတ်တရက် ရေလွှမ်းမိုးမှုများဖြစ်နိုင်ကြောင်း ခန့်မှန်းထားသည်။ စက်တင်ဘာလ ၁၃ ရက်နှင့် စက်တင်ဘာလ ၁၇ ရက်အကြား မိုးသည်းထန်စွာရွာသွန်းနိုင်၍ အထူးသတိရှိကြရန် မိုးလေဝသခန့်မှန်းချက်တွင် ဖော်ပြခဲ့သည်။

ထိုင်းနိုင်ငံတွင် ယခုနှစ် မိုးရာသီစတင်သည်မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုများနှင့်ဆက်စပ်၍ ဖြစ်ပွားခဲ့သော ဘေးဆိုးများကြောင့် သေဆုံးရသူ စုစုပေါင်း ၂၉ ဦးရှိသွားပြီဟုလည်း သိရသည်။

Ref- Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *