◾စကားစစ်ထိုးပွဲမှာ ဟားရစ်ရှုံးနိမ့်လို့ ဒုတိယအကြိမ်စစ်ထိုးလိုနေဟု ထရန့် ပြော
၁၁. ၉. ၂၀၂၄
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုတွင် လာမည့် နိုဝင်ဘာလ ၅ ရက်၌ကျင်းပမည့် အမေရိကန် သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် သမ္မတလောင်းနှစ်ဦးဖြစ်ကြသော ရီပတ်ဘလစ်ကန်ပါတီမှ သမ္မတဟောင်းဒေါ်နယ်ထရန့် နှင့် ဒီမိုကရက်ပါတီမှ လက်ရှိဒုတိယသမ္မတ ကာမာလာ ဟားရစ်တို့၏ ပထမအကြိမ်စကားစစ်ထိုးပွဲကို ဖီလာဒယ်လ်ဖီးယားမြို့တွင် စက်တင်ဘာလ ၁၁ ရက်ညက ပြုလုပ်ခဲ့ကြကြောင်း သတင်းများက ဖော်ပြခဲ့သည်။
အဆိုပါ စကားစစ်ထိုးပွဲက သမ္မတလောင်းနှစ်ဦးဖြစ်ကြသော အသက် ၇၅ နှစ်ရှိ ဒေါ်နယ်ထရန့်နှင့် အသက် ၅၉ နှစ်ရှိ ကာမာလာ ဟားရစ်တို့၏ ပထမဆုံးသော မျက်နှာချင်းဆိုင် ထိပ်တိုက်တွေ့ဆုံပွဲလည်း ဖြစ်သည်။ နှစ်ဖက်စလုံးမှ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုအဖွဲ့များက အနည်းဆုံးတစ်ကြိမ်(သို့မဟုတ်) ထို့ထက်ပို၍ စကားစစ်ထိုးပွဲများပြုလုပ်သွားလိုကြောင်း ပြောခဲ့ကြသော်လည်း ဒုတိယအကြိမ်စကားစစ်ထိုးပွဲ ကျင်းပရန်အစီအစဉ်များကို အပြီးမသတ်နိုင်ခဲ့ကြကြောင်လည်း သိရသည်။
မိနစ် ၉၀ ကြာသမ္မတလောင်းနှစ်ဦး၏ စကားစစ်ထိုးပွဲကို ABC သတင်းဌာနက ကြီးကြပ်ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။ စကားစစ်ထိုးပွဲအတွင်း ၎င်းတို့နှစ်ဦးက ကိုယ်ဝန်ဖျက်ချခြင်း၊ လူဝင်မှုကြီးကြပ်ရေးကိစ္စများ၊စီးပွားရေး၊ နိုင်ငံခြားရေးမူဝါဒနှင့် အခြားသော အကြောင်းအရာများနှင့်ပတ်သက်၍ တစ်ဦးနှင့်တစ်ဦးထိုးနှက်တိုက်ခိုက်ခဲ့ကြသည်။
စကားစစ်ထိုးပွဲကို ည ၉ နာရီတွင်စတင်ပြီးနောက် စင်မြင့်ပေါ်သို့ သမ္မတလောင်းနှစ်ဦး ရောက်လာကြချိန်တွင် ဟားရစ်က မမျှော်လင့်ဘဲ ထရန့်ဘက်သို့ လျှောက်သွားကာ လက်ကိုဆန့်ထုတ်၍ လက်ဆွဲ နှုတ်ဆက်ခဲ့သည်။
စကားစစ်ထိုးပွဲ၌ ယူကရိန်းစစ်ပွဲတွင် ထရန့်အနေဖြင့် ယူကရိန်းအား အနိုင်ရရှိစေလိုမှုရှိသလားဟု မေးမြန်းခဲ့ရာ တွင် ၎င်း က လူ့အသက်များကို ကယ်တင်နိုင်ရန် စစ်ပွဲကိုသာ အမြန်ဆုံးပြီးဆုံးသွားစေလိုကြောင်း၊ ၎င်းအနေဖြင့် သမ္မတ ပြန်ဖြစ်လာလျှင် ယူကရိန်းစစ်ပွဲကို ၂၄ နာရီအတွင်းရပ်ဆိုင်းသွားစေရန် လုပ်နိုင်ကြောင်း၊ ဂျိုးဘိုင်ဒန်အပေါ် ယူကရိန်းနှင့် ရုရှားခေါင်းဆောင်များက လေးစားမှုမရှိကြောင်း၊ ၎င်း၌လည်း စစ်ပွဲပြီးဆုံးစေမည့် မည်သည့်အကြံဉာဏ်မှ မရှိကြောင်း၊ စစ်ပွဲကိုပြီးဆုံးအောင်ဆောင်ရွက်နိုင်မှုက အမေရိကန်အတွက် အကောင်းဆုံးသောအကျိုးစီးပွားဖြစ်စေမည်ဖြစ်ကြောင်း ပြောခဲ့သည်။
ဟားရစ် အနေဖြင့်မူ ယူကရိန်းကို စစ်ရေးအထောက်အပံ့ပေးနေသည့် ဘိုင်ဒန်၏အစီအစဉ်မှ သွေဖည်သွားမည့်ပုံ မရှိပေ။
ထရန့်က ၎င်းအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည်ဟု ဝန်ခံခြင်းမပြုနိုင်ကြောင်း ပြောခဲ့ရာတွင် ဟားရစ်က ဒေါ်နယ်ထရန့်ကို ၈၁ သန်းသောပြည်သူတို့ကသာ မဲပေးဖြုတ်ချလိုက်ခြင်းဖြစ်ကြောင်း၊ ၎င်းအနေဖြင့် ဒုတိယသမ္မတအဖြစ် ကမ္ဘာတစ်ဝန်းခရီးသွားခဲ့ရာတွင် ကမ္ဘာ့ခေါင်းဆောင်များက ထရန့် နှင့်ပတ်သက်၍ ရယ်မောခဲ့ကြကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။
စကားစစ်ထိုးပွဲပြီးသည့်နောက် ထရန့်က မီဒီယာများအား မမျှော်လင့်ဘဲ သီးသန့်တွေ့ဆုံခဲ့ရာတွင် ၎င်းက ဤစကားစစ်ထိုးပွဲမှာ ၎င်းကြုံခဲ့ရသမျှ အကောင်းဆုံးဖြစ်ကြောင်၊ ဤစကားစစ်ထိုးပွဲတွင် မိမိအနိုင်ရခဲ့သည်ဟုယူဆကြောင်း၊ ထို့အတွက်လည်း ဟားရစ်က ဒုတိယအကြိမ်စကားစစ်ထိုးပွဲပြုလုပ်လိုနေခြင်းဖြစ်ကြောင်း ပြောသွားခဲ့သည်။
Ref- CBS