September 20, 2024

၁၁.၉.၂၀၂၄
Written By Zun

ကရင်ပြည်နယ် မြဝတီမြို့တွင် သောင်ရင်းမြစ်ရေ တက်လာသောကြောင့် နေအိမ်ခေါင်မိုးအထိ ရေတက်နေကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၁၀ ရက်ကစ၍ သောင်ရင်းမြစ်ရေ မြင့်တက်လာခြင်းဖြစ်ပြီး ယင်းမှာ လွန်ခဲ့သော အနှစ် ၃၀ ကျော်အတွင်း ရေကြီးမှု အဆိုးဆုံးဖြစ်ကြောင်း သိရသည်။

လက်ရှိရေကြီးမှုမှာ မြဝတီမြို့၏ စိုးရိမ်ရေအမှတ် ၉၆၃ စင်တီမီတာ အထက် ၃၁၉ စင်တီမီတာအထိ ကျော်လွန်ရောက်ရှိနေပြီး နောက်တစ်ရက်တွင်း ၃ ပေခန့် မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

“အခုက သွားလာလို့ မရတော့ဘူး။ တံတားက ရေကျော်နေပြီ။ ထိုင်းဘက်ရော၊ မြန်မာဘက်ရော၊ လူအရပ် မြုပ်တယ် ရေကြီးတာက။ အရင်ကထက်ဆိုးတယ်။ ကျွန်မနေလာတဲ့ ၁၅ နှစ်လောက်ကာလမှာ ဒါက အဆိုးဆုံးပဲ”ဟု မြဝတီမြို့တွင် အခြေချနေထိုင်သူတစ်ဦးက MT News ကို ပြောသည်။

မြဝတီမြို့တွင် မြေနိမ့်ရပ်ကွက်များအပါအဝင် ကားလမ်းမများလည်း နစ်မြုပ်နေကြောင်း၊ ယင်းအပြင် သောင်ရင်းမြစ်အနီးရှိ အမှတ် (၁) ရပ်ကွက်၊ အမှတ် (၂)ရပ်ကွက် ၊ အမှတ် (၅)ရပ်ကွက်များတွင် ခေါင်မိုးအထိ နစ်နေကြောင်း သိရသည်။

လက်ရှိတွင် ရေဘေးသင့်ပြည်သူ တစ်ထောင်ကျော်ကို ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများသို့ ဒေသခံလူမှုကူညီရေးအဖွဲ့များက ပြောင်းရွှေ့နေရာချထားပေးလျက်ရှိကြောင်း သိရသည်။

“ရေက မနေ့ကတည်းက တက်တာ။ ဒါကြောင့်မနေ့ကတည်းက ပြောင်းရွှေ့နေကြဖို့ ဆော်သြခဲ့တာ။ အခုလုံး၀ မြုပ်နေပြီဆိုတော့ တော်တော်များများ အခုရွှေ့ကြပြီ။ မြစ်နဲ့နီးသူတွေကတော့ မနေ့ကဘဲ ရွှေ့ကြတာပါ။ မပြောင်းဘဲ ပေကပ် နေသူတွေလည်းရှိပါတယ်။ အခုတော့ လုံး၀ မြုပ်နေတော့ ပြောင်းကြရတာပေါ့”ဟု ဒေသခံလူမှုကူညီရေး လုပ်နေသူ တစ်ဦးက MT News ကို ယနေ့ စက်တင်ဘာလ ၁၁ ရက်တွင် ပြောသည်။

မြဝတီမြို့အပြင် ထိုင်းနိုင်ငံဘက်ခြမ်း မဲဆောက်မြို့တွင် လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း ထိုင်းဒေသတွင်းသတင်းများတွင် ဖော်ပြနေကြသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်ကတည်းက ရွာသွန်းခဲ့သော မိုးမှာ လုံးဝအဆက်မပြတ် ဖြစ်နေသောကြောင့် သောင်ရင်းမြစ်ရေလျှံတက်လာခြင်းဖြစ်ကြောင်း၊ သောင်ရင်းမြစ်ရေကြီးရေလျှံခြင်းမှာ ယခုနှစ်အတွင်း ဒုတိယအကြိမ် ဖြစ်ကြောင်း၊ ပထမအကြိမ်ရေကြီးစဥ်ကလည်း ရေနစ်သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *