November 10, 2024

◾️ ဈေးကစားမှုများကြောင့် နှစ်ရက်အတွင်း တစ်ဒေါ်လာ ကျပ် ၈၀၀ ဝန်းကျင် ခုန်တက်လာ

၁၁. ၉. ၂၀၂၄
Written by Nyein Kyaw

စက်တင်ဘာ ၁၀ ရက် (ယမန်နေ့)မှစတင်၍ လက်မည်းကုန်သည်များက နိုင်ငံခြားငွေများ ဈေးကစားမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် တစ်ဒေါ်လာ ကျပ် ၄၈၀၀ ဝန်းကျင်အထိ ခုန်ဆင်းထားသည့် ဒေါ်လာဈေး ယနေ့တွင် ကျပ် ၅၆၀၀ အထိ ပြန်ခုန်တက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ခုန်တက်မှုမှာ သွေးရိုးသားရိုးမဟုတ်ဘဲ စျေးကစားခြင်းကြောင့်ဖြစ်ပြီး NUGGETS လုပ်ငန်းစုကလည်း ယင်းအပါအဝင် မြန်မာပြည်သူပြည်သားများနှင့် ကုန်သည်များသည် ငွေဈေးတည်ငြိမ်ခြင်းကို လိုလားသော်လည်း NUGGETS မဟုတ်သော လက်မည်းကုန်သည်များက စက်တင်ဘာလ ၁၀ ရက်မှ ၁၅ ရက်အတွင်း ဈေးကစားမည်ကို လုပ်ငန်းစုမှ ကြိုတင်သိရှိထားသောကြောင့် NUGGETS လုပ်ငန်းစုသည် ထိုရက်များတွင် အရောင်းအဝယ် ယာယီရပ်နားမည်ဖြစ်ကြောင်း NUGGETS လုပ်ငန်းစုအစုရှယ်ယာရှင်များမှ တညီတညွတ်ထဲ ဆုံးဖြတ်လိုက်ကြောင်း စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ ထုတ်ပြန်ခဲ့သော စက်တင်ဘာ ၉ ရက်တွင် ဈေးနှုန်းပြောင်းလဲမှု ၆ ကြိမ်အထိ ဖြစ်ပေါ်ခဲ့ပြီး ညနေပိုင်းတွင် ကျပ် ၄၈၀၀ သို့ ခုန်ဆင်းခဲ့ကာ တစ်ဒေါ်လာ ကျပ် ၇၀၀၀ ကျော်အထိ မြင့်တက်ထားသော ဒေါ်လာဈေးနှုန်း ကျပ် ၅၀၀၀ အောက်သို့ ပထမဆုံးကျဆင်းခဲ့သော်လည်း ညပိုင်းဈေးနှုန်းပိတ်ချိန်တွင် ကျပ် ၅၂၀၀ သို့ ပြန်လည်မြင့်တက်ခဲ့ခြင်းသည်။

နိုင်ငံခြားငွေများ ဈေးကစားမည်ဟု သတင်းထွက်ပေါ်ခဲ့သည့် စက်တင်ဘာ ၁၀ ရက်(ယမန်နေ့)တွင် ဈေးနှုန်းပေါင်းလဲမှု ၈ ကြိမ်အထိ ဖြစ်ပေါ်ကာ တစ်ဒေါ်လာ ကျပ် ၅၃၅၀ အထိ ထပ်မံမြင့်တက်ခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် တစ်ဒေါ်လာ ကျပ် ၅၃၅၀ ဖြင့် ဈေးနှုန်းစတင်ဖွင့်လှစ်ခဲ့သော်လည်း ဈေးနှုန်းပြောင်းလဲမှု ၄ ကြိမ်ဖြစ်ပေါ်ကာ နေ့လယ်ပိုင်းတွင် ကျပ် ၅၆၀၀ သို့ ထပ်မံမြင့်တက်ခဲ့သည်။ နှစ်ရက်အတွင်း တစ်ဒေါ်လာ ကျပ် ၈၀၀ ဝန်းကျင် ပြန်တက်လာခဲ့သည်။

ပြည်တွင်း ဒေါ်လာဈေးနှုန်း အခြေအနေများအား လေ့လာကြည့်ပါက ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းတွင် တစ်ဒေါ်လာ ကျပ် ၄၆၀၀ သို့ စတင်ရောက်ရှိခဲ့ပြီး ဗဟိုဘဏ်မှ ဒေါ်လာများ ထုတ်ရောင်းပေးခဲ့သော်လည်း ဩဂုတ်လ ၁ ရက်တွင် တစ်ဒေါ်လာ ကျပ် ၅၅၀၀ အထိ ထပ်မံမြင့်တက်ခဲ့သလို ဩဂုတ်လ ၁၄ ရက်တွင် တစ်ဒေါ်လာ ကျပ် ၇၀၀၀ ‌ကျော်အထိ သမိုင်းတစ်လျှောက် အမြင့်ဆုံးဈေးနှုန်းအထိ ရောက်ရှိခဲ့သည်။

ယင်းကဲ့သို့ ဒေါ်လာဈေးနှုန်း အဆမတန်မြင့်နေမှုကြောင့် ဗဟိုဘဏ်မှ ဩဂုတ်လမှ လက်ရှိအချိန်အထိ တစ်လကျော်အတွင်း ဒေါ်လာသန်း ၂၀၀ ကျော်အထိ ရောင်းချပေးခဲ့ပြီးနောက် ဩဂုတ်လ ၂၁ ရက်မှစတင်၍ တစ်ဒေါ်လာ ကျပ် ၆၀၀၀ အောက် ပြန်ကျဆင်းခဲ့သည်။

ယခုစက်တင်ဘာလဆန်းတွင် ကျပ် ၅၅၀၀ ဝန်းကျင်မှ စက်တင်ဘာ ၇ ရက်မှစတင်ပြီး ဒေါ်လာဈေး ဆက်တိုက်ကျဆင်းခဲ့သလို စက်တင်ဘာ ၉ ရက် ညနေပိုင်းတွင် ကျပ် ၄၈၀၀ ဝန်းကျင်သို့ ပြန်ကျခဲ့သလို အဆိုးဝါးဆုံး ဈေးနှုန်းမြင့်တက်ထားသော တစ်လကျော်အတွင်း ကျပ် ၅၀၀၀ အောက်သို့ ပထမဆုံးကျဆင်းခဲ့ခြင်းဖြစ်သည်။

လက်မည်းကုန်သည်များ စက်တင်ဘာ ၁၀ ရက်မှစတင်ပြီး နိုင်ငံခြားငွေများ ဈေးကစားမည်ဟု ထုတ်ပြန်ခဲ့သော NUGGETS လုပ်ငန်းစုသည် ဒေါ်လာဈေး မတည်ငြိမ်အောင်လုပ်သဖြင့် ဗဟိုဘဏ်မှ အရေးယူသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းတွင် ကြေညာခဲ့ပြီးနောက် ဗဟိုဘဏ်အား သိက္ခာကျစေသော အသုံးအနှုန်းများဖြင့် ပြန်လည်တုံ့ပြန်ခဲ့သည့်အပြင် နိုင်ငံခြားငွေကြေးများအား ဆက်ရောင်းချမည်ဟု ကြေညာထားသော လုပ်ငန်းစုဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *