September 20, 2024

၁၁.၉.၂၀၂၄
Written By Zun

မရပ်မနားရွာနေသောမိုးကြောင့် နေပြည်တော် ၊ တပ်ကုန်းမြို့နယ်အတွင်း ရေကြီးနေ၍ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ သွားရောက်ကယ်ဆယ်နေကြရကြောင်း လူမှုကရုဏာရှင်အသင်းက သိရသည်။

တပ်ကုန်းမြို့နယ် ကင်းသာ ၊ မကျီးပင်ကျေးရွာတို့မှ ဒေသခံများမှာ ရေတက်အားကြမ်းလာကာ နေအိမ်ခေါင် မိုးတွင် တက်နေကြရသောကြောင့် အမြန်ကယ်ဆယ်ပေးရန် အကူအညီတောင်းခံနေကြသည့်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများ သွားရောက်ကူညီနေကြပြီ ဖြစ်ကြောင်းလည်း သိရသည်။

“အခုညညီနောင် ၂ ဖွဲ့ ကူညီဖို့သွားနေပါပြီ။ အကူအညီတောင်းတဲ့ ဖုန်းတွေဆက်တိုက်ဝင်နေတာကြောင့် အမြန်ဆုံး သွားနေကြပါတယ်။ တပ်ကုန်း၊ ကင်းသာ အရှေ့ဘက်မှာ တောင်ပြိုလို့လည်း ဒဏ်ရာရသူတွေ ရှိတယ်လို့အကြောင်းကြားပါတယ်။ လူနာတင်ကားလည်း လိုတယ်လို့ ပြောပါတယ်”ဟု အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက MT News ကို ပြောသည်။

ထို့အတူ တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာ အုတ်ဖိုကျောင်းတွင် ဘုန်းတော်ကြီးများနှင့် ရှင်သာမဏေများ ညကတည်းကပင် ပိတ်မိနေကြောင်း အုတ်ဖိုကျောင်းဆရာတော်က MT News ကို မိန့်သည်။

“ရေက ညအိပ်နေတုန်း တက်လာတာ။ အခုက ခေါင်မိုးပေါ်မှာတက်နေကြရပြီ။ ကယ်ဆယ်ရေးတော့လာနေပြီ လို့ပြောတယ်။ နောက်နည်းနည်းကြာရင် မလွယ်ဘူး။ မိုးက တအားရွာနေတယ်”ဟု ဆရာတော် အရှင်နန္ဒိယက မိန့်ကြားသည်။

လက်ရှိတွင် ရေကြီးနေသော ဒေသသို့ တပ်ကုန်းမြို့နယ် မီးသတ်စခန်း ၊ ညောင်လွန့်နယ်မြေ မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ၊ ပျဉ်းမနားအရန်မီးသတ်အဖွဲ့နှင့် လူမှုကရုဏာရှင်အသင်းတို့ သွားရောက်နေကြပြီ ဖြစ်ကြောင်း သိရသည်။

ထို့အ​ပြင် ဧလာ ၊ လယ်ဝေး ၊ နေပြည်တော်၊ ပျဉ်းမနား၊ ရေဆင်း ၊ သိုက်ချောင်း ၊ တပ်ကုန်း ၊ ညောင်လွန့်၊ ရမည်းသင်း၊ ရွှေဒါး ၊ ရွာတန်း၊ ပျော်ဘွယ် ၊ ယင်းတော် ၊ ညောင်ရမ်း ၊ဘုရားငါးဆူ ၊လှိုင်းတက် ၊ ထူးတွင်းရွာ ၊ သာစည် ၊ ကွမ်းခြံရိုး၊ ညောင်ကုန်း ၊ တောမ ၊ မိတ္ထီလာ ၊ မုံတိုင် ၊ ရှမ်းမငယ်၊ ဆည်တို ၊ ညောင်မြင့်ရွာ၊ ပန်းအိုင် ၊ မလှိုင် ၊ ရေချို ၊သဖန်း ဒေသတို့တွင် မိုးဆက်လက်ရွာနိုင်သောကြောင့် ရေကြီးနိုင်ကြောင်း မိုးဇလက သတိပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *