September 20, 2024

၁၁.၉.၂၀၂၄
Written By Thandar

မုဆိုးဝတ္ထုတွေနဲ့ နာမည်ကျော်ခဲ့သူ စာရေးဆရာကြီး ကိုပိုက်ဟာ အသက် ၇၃ နှစ်အရွယ် ဒီနေ့ စက်တင်ဘာ ၁၁ ရက် နံနက် ၃ နာရီ ၁၀ မိနစ်က အင်းစိန်ဆေးရုံမှာ ကွယ်လွန်ခဲ့ပါတယ်။

“ဖေဖေက နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နေတာ ကြာပါပြီ။ ကျန်းမာရေးကတော့ လူကြီးပိုင်းရောက်လာတဲ့အတွက် ကောင်းလိုက် မကောင်းလိုက်ပါပဲ။ ဖေဖေက စက်တင်ဘာ ၈ ရက် တနင်္ဂနွေနေ့ညပိုင်းက ဆေးရုံတင်လိုက်ရတာပါ။ အသက်ကယ်ဆေးတွေ ထိုးထားခဲ့ရတယ်။ နှလုံးသွေးကြောပိတ်တာ ကုသမှုက မရလိုက်တော့တာပါ။ ဖေဖေက ခုမနက်ပိုင်းပေါ့။ ၃ နာရီ ၁၀ မိနစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ဖေဖေဆေးရုံတင်ချိန် ဆရာဂျွန်လွင်တို့ ငွေတွေလှူပေးသလို အဖက်ဖက်က ဆုတောင်းပေးသူ ကူညီပေးသူတွေ အဖေရဲ့ထမင်းရှင်တွေအကုန်လုံးကို အဖေကိုယ်စားကျေးဇူးတင်ပါတယ်”လို့ စာရေးဆရာကိုပိုက်ရဲ့ သမီးဖြစ်သူ မဇင်မာပိုက်ပိုက်ထွေးက MT Entertainment ကို ပြောပါတယ်။

သူကိုတော့ လာမယ့် စက်တင်ဘာ ၁၃ ရက် သောကြာနေ့ နေ့လယ်ပိုင်းမှာ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်ရှိ ရွှေပြည်သာသုသာန်မှာ သင်္ဂြိုဟ်သွားမှာလည်းဖြစ်ပါတယ်။

စာရေးဆရာကိုပိုက်ဟာ သစ်တောမှာ နှစ် ၃၀ ကျော်အလုပ်လုပ်ကိုင်ခဲ့ဖြစ်ပြီး စာစရေးကတည်းက မုဆိုးဝတ္ထုရေးသားခဲ့သူလည်းဖြစ်တယ်လို့ သိရပါတယ်။ ဆရာသော်တာဆွေရဲ့ တပည့်လည်းဖြစ်သလို ငယ်ငယ်က တောထဲမှာ နှစ်(၃၀) လောက်နေခဲ့ရပြီး ကိုယ်တိုင်အမဲလိုက်ခဲ့ဖူးတဲ့ အတွေအကြုံတွေကို အခြေခံပြီးပြန်ရေးခဲ့တာဖြစ်ပါတယ်။

မုဆိုးဝတ္ထုရေး စာရေးဆရာ ကိုပိုက်(၁၉၅၁-၂၀၂၄)ဟာ မုဆိုးလုံးချင်းဝတ္ထု စာအုပ်ပေါင်း (၃၀၀)လောက်အပြင် တခြားဝတ္ထုတွေလည်း ရေးသားခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *