September 20, 2024

၁၀.၉.၂၀၂၄
Written by Hey Mar

ဘဏ်ကို ပေးသွင်းဖို့ ကြွေးမြီတွေရှိနေတဲ့အတွက် မြို့ရွှေမန်းသား ဖိုးချစ်ရဲ့ မင်္ဂလာဒုံမြို့နယ်က သဘင်ခြံကြီးကို ရောင်းချတော့မယ်လို့ မြန်မာနိုင်ငံသဘင်အစည်းအရုံးဥက္ကဋ္ဌလည်းဖြစ်တဲ့ ဖိုးချစ်က မြို့ရွှေမန်းသားဖိုးချစ်တို့ကတဲ့ ဇာတ်အလှသဘင် ပေ့ခ်ျနဲ့ ကိုယ်ပိုင်အကောင့်ကနေ ကြေညာထားပါတယ်။

၁ ဒဿမ ၁၉ ဧကကျယ်ဝန်းတဲ့ အဆိုပါသဘင်ခြံက အမှတ်(၂၉ ) အောင်ချမ်းသာလမ်းမကြီး ( ဖိုးချစ်လမ်း ) ကြူစမ်းရပ်ကွက် မင်္ဂလာဒုံမြို့နယ်မှာတည်ရှိပြီး၊ မြေတိုင်းရပ်ကွက်အမှတ် – ၅၃၈(ခ ) စမ်းချောင်းမြောက်ကွင်း ၊ မြေကွက်အမှတ်-၅( တစ်စိတ်တစ်ဒေသ)ဖြစ်ကာ နှစ် ၆၀ ဂရမ်အမည်ပေါက်လို့ သိရပါတယ်။

ခြံထဲမှာ ပေ ၅၀/၆၅ ရှိ ၃ ထပ်တိုက်တစ်လုံး၊ Recoding ခန်း တစ်ခန်း၊ ဇာတ်ရုံတစ်ခု၊ လူနေနှစ်ထပ်ခွဲ တိုက် တစ်လုံး၊ ဘန်ဂလိုတစ်လုံး၊ ပေ ၁၁၀ ပေ/ ၆၀ ပေ ဖူဆယ် ဘောလုံးကွင်းနဲ့ Power မီတာတစ်လုံး၊ ရိုးရိုးမီတာ တစ်လုံး ပါရှိတယ်လို့ သိရပါတယ်။

“လက်ရှိ CB Bank တွင် အပေါင်ထားသော ခြံဖြစ်ပါတယ်ဗျ … ။ ကတိ မပျက်ချင်ပါသောကြောင့် အမြန်ဆပ်လိုပါ၍ ကာလပေါက်စျေးထက် လျှော့၍ရောင်းချပါမယ်ခင်ဗျာ.. ” ဆိုပြီး ဖိုးချစ်က ကြေညာထားတာကြောင့် သူ့ကို ချစ်တဲ့ သဘင်ပရိတ်သတ်တွေကလည်း စိတ်မကောင်းဖြစ်နေကြပြီး မရောင်းရဘဲအဆင်ပြေစေဖို့လည်း ဆုတောင်းပေးနေကြပါတယ်။

ကြူစမ်းရပ်ကွက်က ဖိုးချစ် သဘင်ခြံကြီးအနီးနေထိုင်သူ တချို့ကလည်း “ကျွန်တော်တို့ ဒီမှာ ဆယ်နှစ်ကျော်ပါပြီ။ ‌ကိုဖိုးချစ်ခြံက ရပ်ကွက်ကို သောက်ရေ သုံးရေ လှူထားတာ။ ကြိုက်တဲ့အချိန် ခြံစည်းရိုးက ဘုံဘိုင်ခေါင်းဖွင့်သုံးရုံပဲ။ သူရောင်းမယ် ပြောနေတာ ကြာပြီ။ အခုတင်ထားတာတွေ့တော့တကယ်စိတ်မကောင်းဘူး ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

သဘင်အစည်းအရုံးဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ သက်တမ်းအတွင်းမှာ ၂၀၂၁ နွေဦးတော်လှန်ရေးဖြစ်စဥ်ကြောင့် ဥက္ကဋ္ဌနေရာက နုတ်ထွက်ခဲ့သလို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃၀ ရက်ကအကြမ်းဖက်အားပေးဆက်သွယ်တယ်ဆိုပြီး ထိမ်းသိမ်းခံခဲ့ရဖူးတဲ့ ဖိုးချစ်က သဘင်အနုပညာနယ်ပယ်မှာတော့ အိတ်စိုက် ဥက္ကဋ္ဌ၊ သဘင်သမားတွေကို ကြည့်ရှုစောင့်ရှောက်သူ၊ အနုပညာကို ချစ်မြတ်နိုးသူ စတဲ့ သတင်းကောင်းနဲ့ ကျော်ကြားပြီး သူ့သဘင်ခြံကို မှီခိုအားထားကြသူ အနုပညာရှင်တွေကလည်း ခြံကိုရောင်းချမှာမို့ စိတ်မကောင်း ဖြစ်နေကြတာကိုလည်း သူတို့ရဲ့ ဆိုရှယ်မီဒီယာမှာ ထုတ်ဖော် ရေးသားထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *