September 19, 2024

၁၀. ၉. ၂၀၂၄
Written by Nay Moe

အကြမ်းဖက်သမားတွေကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ လွိုင်ကော်နဲ့ ဆီဆိုင်မြို့ ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေမှုတွေကို SAC ဥက္ကဋ္ဌ သွားရောက်စစ်ဆေးခဲ့တဲ့ ဒီ ရက်သတ္တပတ်မှာပဲ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးပံ့ပိုးကူညီဖို့ဆိုပြီး BWM PDF အဖွဲ့က မန္တလေးနန်းတွင်းကို ပစ်ခတ်တိုက်ခိုက်ရာမှာ မန္တလေးမြို့နေပြည်သူတစ်ဦးနဲ့ အိုးအိမ်တွေပဲ ထိခိုက်စေတဲ့ဖြစ်စဥ်တွေ ရှိခဲ့ပြီး ရှမ်း-မန်းစစ်ဆင်ရေးရည်မှန်းချက်အရ မန္တလေးမြို့ကို တိုက်ခိုက်တော့မယ်ဆိုတဲ့ အရိပ်အယောင်တွေ မြင်လာရပါတယ်။

အခြားတစ်ဖက်မှာလည်း မဲဆောက်မှာ တရားမဝင် ခိုလှုံနေတဲ့ PDF ၁၇ ဦးထက်မနည်း ထိုင်းရဲဖမ်းဆီးတဲ့သတင်း၊ မလေးရှားအစိုးရအဖွဲ့ ဝန်ကြီးချုပ်ရုံးကဒုတိယဝန်ကြီးဟောင်းတစ်ဦး မြန်မာနိုင်ငံအတွင်းက လူကုန်ကူးမှု အဖွဲ့တွေမှာ ပါဝင်ပတ်သက်နေတယ်လို့ မလေးရှားရဲတပ်ဖွဲ့က စွပ်စွဲတဲ့ သတင်း၊ နိုင်ငံတကာဖိအားပေးမှုနဲ့ နိုင်ငံတော်ရဲ့ တောင်းဆိုမှု၊ လူကုန်ကူးမှုတွေ အွန်လိုင်းလိမ်လည်မှု ကျားဖြန့်လုပ်ငန်းတွေကြောင့် ဝေဖန်ခံနေရတဲ့ ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်း လုပ်ဆောင်နေတဲ့ ရထိုက်ကုမ္ပဏီနဲ့ လုပ်ငန်းတွေကို အပြီးတိုင်ဖျက်သိမ်းမယ်ဆိုတဲ့ ထုတ်ပြန်ချက်ထွက်လာပေမဲ့ ဒီထုတ်ပြန်ချက်က အတုပါဆိုတဲ့ ဖြေရှင်းမှုဖြစ်စဥ်၊ ဘင်္ဂါလီတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မုဒိမ်းကျင့်တဲ့ ရခိုင်လက်နက်ကိုင် AA ကို ICC က စုံစမ်းစစ်ဆေးဖို့ Fortify Rights တောင်းဆိုတဲ့ အစီရင်ခံစာ ထွက်လာတဲ့ သတင်းတွေအပြင် စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့ပြည်သူတွေ လူမှုဒုက္ခဖြစ်ပေါ်အောင် ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်နေတဲ့ MNDAA ၊ TNLA နဲ့ AA တို့ကို အကြမ်းဖက်အုပ်စုအဖြစ်ကြေညာမှု အပြည့်အဝထောက်ခံတယ်လို့ နိုင်ငံရေးပါတီ ၂၅ ခုက ထုတ်ပြန်လာတဲ့သတင်းတွေရှိခဲ့ပေမဲ့လည်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ NUG ကိုအသိအမှတ်မပြုပါဘူးလို့ တရုတ်ကိုးကန့်လက်နက်ကိုင် MNDAA ထုတ်ပြန်တဲ့ဖြစ်စဥ်၊ ဖိရင်ကြွမယ်၊ ထိရင်ချမယ် ဆိုပြီး တရုတ်နိုင်ငံကို PDF တွေက ဆန္ဒပြတဲ့ဖြစ်စဥ်တွေနဲ့ အကြမ်းဖက် သမားတွေကို ရှောင်ရှားဖို့ SAC ဥက္ကဋ္ဌက သတိပေးလာတဲ့ဖြစ်စဥ်တွေကို သုံးသပ် တင်ပြချင်ပါတယ်။

NUG ကို အဖက်မလုပ်တော့ဘူးဆိုတဲ့ MNDAA

ပြီးခဲ့တဲ့ ဩဂုတ် ၂၉ ရက်မှာ တရုတ်နိုင်ငံဟာ TNLA ကို အပစ်မရပ်ရင် ဆုံးမမယ်လို့ သတိပေးခဲ့သလို စက်တင်ဘာ ၂ ရက်မှာလည်း SAC အစိုးရက MNDAA ၊ TNLA နဲ့ AA တို့ကို အကြမ်းဖက်အဖြစ်သတ်မှတ်လိုက်ချိန်မှာ MNDAA ဘက်က သူတို့ နယ်မြေလုယက်သိမ်းဆည်းမှုတွေကြောင့် နိုင်ငံပြိုကွဲခံမှာမဟုတ်ဘူးဆိုတာနဲ့ လက်ရှိ SAC အစိုးရရဲ့အာဏာကို ပြိုင်ဆိုင်မှာ မဟုတ်တဲ့အပြင် NUG ကိုပါ စစ်ရေး၊ နိုင်ငံရေးအရ ဘာအကြောင်းနဲ့မှ ပူးပေါင်းမှာမဟုတ်ဘူးလို့ စက်တင်ဘာ ၄ ရက်မှာ ထုတ်ပြန်လာခဲ့တာ တွေ့ရပါတယ်။

MNDAA ရဲ့ ထုတ်ပြန်ချက်မှာ အချက်သုံးချက်ပါပြီးအဲဒီအချက်သုံးချက်က (၁) မဟာမိတ်တပ်၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရယူရန် ဆန္ဒများမှာ ယခင်ကဲ့သို့ ပြောင်းလဲမှုမရှိပါ။ နိုင်ငံကို ပြိုကွဲစေမည့် ဆန္ဒမရှိပါ။ နေပြည်တော်နှင့် အာဏာလုယူလိုသော ဆန္ဒမရှိပါ။ လွတ်လပ်သောနိုင်ငံတစ်နိုင်ငံကို ရယူထူထောင်ရန်ဆန္ဒမရှိပါ။ (၂) အခြားနိုင်ငံနှင့်ပူးပေါင်းကာ တရုတ်နှင့်မြန်မာကို ဆန့်ကျင်သည့် မည်သည့်အရာမျှဆောင်ရွက်မည်မဟုတ်ကြောင်း၊ NUG ကို မည်သည့်အကြောင်းနှင့်မှ ပူးပေါင်းမည် မဟုတ်ကြောင်း၊ မန္တလေး၊ တောင်ကြီးသို့ ချဲ့ထွင် တိုက်ခိုက်ရန် ဆက်လက်ဆောင်ရွက်မည်မဟုတ်ကြောင်း၊ ခုခံကာကွယ်ခြင်းဟူသည့် လုပ်ပိုင်ခွင့်အာဏာကိုသာ အမြဲကျင့်သုံးပါမည်။ (၃) လက်ရှိမြန်မာနိုင်ငံ၏ ရှုပ်ထွေးနေသည့် အခြေအနေများကို ရပ်တန့်နိုင်ရန် တရုတ်နိုင်ငံမှဆွေးနွေးပြီး ကူညီဖြေရှင်းပေးရန် တိုက်တွန်းအပ်ပါသည်။ ကျွန်တော်တို့သည် တရုတ်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်ကာ အမြန်ဆုံးတိုက်ခိုက်မှုများရပ်တန့်စေပြီး ချစ်ကြည်ရေးသဘောထားဖြင့် ဆန့်ကျင်မှုများနှင့် ပဋိပက္ခများကို ဖြေရှင်းပါမည်။”လို့ ရေးသားထားတာ တွေ့ရပါတယ်။

MNDAA ရဲ့ ဆိုလိုရင်းက မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ရဲ့ နယ်မြေလုယက်တိုက်ခိုက်မှုတွေကြောင့် နိုင်ငံနဲ့ပြည်သူတွေ စိုးရိမ်နေသလို တိုင်းပြည်ပြိုကွဲခံမှာမဟုတ်ဘူး၊ တောင်ကြီးနဲ့ မန္တလေးကို ဆက်တိုက်မှာမဟုတ်ဘူးဆိုတာနဲ့ လက်ရှိ SAC အစိုးရရဲ့အာဏာကို ပြိုင်ဆိုင်မှာ မဟုတ်တဲ့အပြင် NUG ကိုပါ ဘာအကြောင်းနဲ့မှ ပူးပေါင်းမှာမဟုတ်ဘူးလို့ အတည်ပြုထုတ်ပြန်လာတဲ့သဘောပါ။

ဒါပေမဲ့လည်း စဥ်းစားစရာတစ်ခုက MNDAA ဟာ NUG ကို ဘယ်လိုအကြောင်းနဲ့မှ ပူးပေါင်းမှာ မဟုတ်ဘူးဆိုပေမဲ့လည်း ၁၀၂၇ စစ်ဆင်ရေးနှစ်ခုစလုံးမှာ NUG ဩဇာခံ မန္တလေး PDF တွေနဲ့ အခြား PDF တွေ ပါဝင်တိုက်ခိုက်နေသလို “ရှမ်း-မန်းစစ်ဆင်ရေး”နဲ့ “မြင်းခြံခရိုင်အထူးစစ်ဆင်ရေး”နှစ်ခုဟာ MNDAA တို့ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)ကို ကူညီဖော်ဆောင်နေတာဖြစ်ပြီး လက်ရှိမှာဆိုရင်ကို မန္တလေးမြို့ကိုပါ စတင်တိုက်ခိုက်လာတာ တွေ့ရပါတယ်။ အခြားသော တစ်ဖက်မှာဆိုရင်လည်း MNDAA ဟာ တရုတ်ရဲ့​တောင်းဆိုမှုအရ ဇူလိုင်လကုန်အထိ အပစ်ရပ်ပါမယ်လို့ နှစ်ကြိမ်တိုင်တိုင် စာထုတ်ခဲ့ပေမဲ့လည်း တကယ့်တကယ်မှာ အပစ်မရပ်တဲ့အပြင် ထိုးစစ်ဆင်တာလည်း မရပ်တဲ့အတွက် လားရှိုးမြို့နဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လည်း နယ်မြေလုနေပြီး မြန်မာစကားရော၊ တိုင်းရင်းသားစကားပါ မတတ်တဲ့ တရုတ်ကိုးကန့် MNDAA လက်ထဲ ကျရောက်သွားတာ မြင်ခဲ့ရပါတယ်။ ဒါ့အပြင်လည်း ဒီထုတ်ပြန်ချက်ကို ထုတ်တဲ့ MNDAA ရဲ့ ကိုးကန့်မီဒီယာက ဖော်ပြပြီးမှ ချက်ချင်းဖြုတ်ချသွားတာလည်းမြင်ရလို့ ဒီထုတ်ပြန်ချက်ဟာ ရိုးဖြောင့်တဲ့ထုတ်ပြန်ချက်မဖြစ်နိုင်ပါဘူး။ ဒါကြောင့်မို့လို့ MNDAA ရဲ့ လက်ရှိထုတ်ပြန်ချက်ဖြစ်တဲ့ SAC အစိုးရကို အာဏာမပြိုင်ဘူး၊ နိုင်ငံပြိုကွဲမခံဘူး၊ NUG နဲ့ ပေါင်းမှာမဟုတ်ဘူး၊ မန္တလေးနဲ့ တောင်ကြီးကို ဆက်တိုက်မှာမဟုတ်ဘူး ဆိုတဲ့အချက်တွေဟာ ယုံကြည်ချင်စရာအလွန်နည်းပြီး တရုတ်နိုင်ငံကို “ကျွန်တော်တို့က ရပ်နေတာတောင်၊ မတိုက်ပါဘူးပြောတာတောင် သူတို့က ဆက်တိုက်နေလို့ မတတ်သာလို့ လုပ်ရပါတယ်”ဆိုတဲ့ ပုံစံမျိုးဖြစ်ဖို့ အကြောင်းပြချက်ကောင်းကောင်းပေးလို့ရအောင် အဖြစ်ထုတ်ပြန်တာမျိုးလည်း ဖြစ်နိုင်ခြေရှိတာကြောင့် ယုံစားစရာနည်းတဲ့ ဒီထုတ်ပြန်ချက်ကို ပြည်သူတွေ ချင့်ယုံကြဖို့ပဲ အကြံပြုချင်ပါတယ်။

ဖိရင်ကြွမယ်၊ ထိရင်ချမယ်ဆိုပြီး တရုတ်ကို မီးရှို့ဆန္ဒပြတဲ့ PDF

“ဖိရင်ကြွမယ် ထိရင်ချမယ်” “China; Back Off From Myanmar” ဆိုတဲ့ စာတန်းနှစ်ခုကို ကိုင်ဆွဲပြီး ရန်ကုန် PDF လေးဖွဲ့က တရုတ်နိုင်ငံကို မီးရှို့ဆန္ဒပြမှုတွေ စက်တင်ဘာ ၄ ရက်က ပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။

တရုတ်နိုင်ငံဟာ TNLA ကို အပစ်ရပ်ဖို့ သတိပေးတယ်ဆိုတာ ထွက်ပေါ်လာအပြီးမှာ NUCC နဲ့ တော်လှန်ရေးအင်အားစုဆိုသူတွေက ရှုတ်ချစာထုတ်ခဲ့သလို ရန်ကုန် PDF လေးဖွဲ့ကလည်း “ဘယ်တိုင်းရင်းသားကိုဖိဖိ၊ ဘယ်တိုင်းရင်းသားကိုထိထိ… ကျွန်ုပ်တို့မြန်မာနိုင်ငံသားအားလုံး “ဖိရင်ကြွမယ် ထိရင်ချမယ်””If we burn, you burn with us”ဆိုပြီး ဆန္ဒပြလာတာဖြစ်ပါတယ်။ ဒီဖြစ်စဥ်မှာဆို ရန်ကုန်မြို့တွင်းက မီးရထားသံလမ်းတစ်နေရာမှာ တရုတ်အလံနဲ့ TNLA ကို ပေးပို့တဲ့စာကို Print ထုတ်ထားတယ်လို့ ယူဆရတဲ့ စာရွက်တစ်ရွက်အပြင် တရုတ်သမ္မတရှီကျင့်ဖျင် ပုံတွေနဲ့ အလံတွေ မီးရှို့ပြီး ခြေနဲ့နင်း ဆန္ဒပြတဲ့ PDF လေးဖွဲ့က Mayangone Democratic Front_MDF ၊ Owl Community၊ LinnYaung Ni Youth Organization နဲ့ Kyimyindaing Networks_KMD18 အဖွဲ့တွေဖြစ်တယ်လို Owl Community က ထုတ်ပြန်ထားတာလည်း တွေ့ရပါတယ်။

နွေဦးတော်လှန်ရေးအစမှာ NLD ၊ NIG နဲ့ PDF တွေဟာ၊ သူတို့ကို ထောက်ခံဆန္ဒပြသူတွေဟာ တရုတ်နိုင်ငံကို ရန်သူလို့သဘောထားပြီး တရုတ်လုပ်ငန်းတွေကိုလည်း ဖျက်ဆီးတိုက်ခိုက်ခဲ့တာပါ။ ဒါပေမဲ့လည်း ၁၀၂၇ စစ်ဆင်ရေးကို MNDAA ၊ TNLA နဲ့ AA သုံးဖွဲ့က တရုတ်ရာဇဝတ်ဂိုဏ်းကျားဖြန့်တွေ တိုက်ဖျက်ပေးမယ်အကြောင်းပြပြီး မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲချိန်မှာ မူးယစ်ဆေးကလွဲရင် စစ်တိုက်ဖို့ ကျောထောက် နောက်ခံပြစရာ လုပ်ငန်းမရှိတဲ့ ဒီသုံးဖွဲ့ကို လက်နက်၊ လူသူ၊ ငွေကြေးအကုန် ထောက်ပံ့နေတဲ့ နိုင်ငံကြီးတစ်နိုင်ငံရှိမယ်လို့ ပြည်သူတွေက ယူဆ၊ နိုင်ငံရေးလေ့လာသူတွေက Proxy War ပါလို့ တွင်တွင်ကျယ်ကျယ်ပြောလာချိန်မှာ မန္တလေး PDF တွေနဲ့ တခြား PDF တွေကလည်း ၁၀၂၇ စစ်ဆင်ရေးမှာ ဝင်တိုက်ပေးနေတဲ့အချိန်မှာ တရုတ်နိုင်ငံအပေါ် NUG နဲ့ PDF တွေကို ထောက်ခံသူတွေက အမြင်ပြောင်းလဲလာပြီး တရုတ်နိုင်ငံသားတွေကို ကယ်ထုတ်ပေးတာ၊ ဒေါ်လာ သန်း ၉၀၀ နီးပါးတန်ဖိုးရှိတဲ့ တကောင်းတောင် နီကယ်စီမံကိန်းကို လုံခြုံရေးယူပေးတဲ့ အဆင့်အထိ ဖြစ်လာခဲ့တာပါ။ ဒါပေမဲ့လည်း တရုတ်နိုင်ငံက TNLA ကို အပစ်ရပ်ဖို့ စာထုတ်ပြီးချိန်မှာ PDF တွေဘက်က တရုတ်နိုင်ငံအလံအပြင် တရုတ်သမ္မတရှီကျင့်ဖျင်ပုံကိုပါ ခြေနဲ့နင်း မီးရှို့ဆန္ဒပြတဲ့အထိ ပြုလုပ်လာတာလည်း မြင်ရပါတယ်။ ဒီအခြေအနေတွေနဲ့ PDF တွေရဲ့ ဆန္ဒပြမှုက တရုတ်နိုင်ငံအဖို့ De Facto အစိုးရတစ်ရပ်နဲ့ ဆက်ဆံမလား၊ နဂိုကတည်းက အသိအမှတ်ပြုမထားတဲ့ MNDAA တို့လို အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်လက်ထိတွေ့နေမလား၊ ကိုယ့်ဘက်က သတိပေးထားတဲ့အတိုင်း TNLA အပစ်အခတ်မရပ်ဘဲ တရုတ်နယ်စပ်ကုန်သွယ်ရေးနဲ့ BRI စီမံကိန်းတွေ ဖျက်ဆီးနေတဲ့ လက်နက်ကိုင်တွေကို ဘဏ်အကောင့်ပိတ်တာမျိုးကအစ၊ လက်နက်လူသူရနိုင်တဲ့ လမ်းကြောင်းမှန်သမျှ ဖြတ်တောက် အရေးယူတာအဆုံး ဘယ်လိုပုံစံမျိုးနဲ့ ဒဏ်ချမလဲဆိုတာကို အသေအချာစဥ်းစားဖို့ လိုအပ်လာမဲ့ အခြေအနေလို့ပဲ ကနဦးထင်မြင်ချက်ကို ပြောချင်မိပါတယ်။

အကြမ်းဖက်သမား ရှောင်ရှားဖို့ သတိပေးသံ

MNDAA၊ TNLA နဲ့ AA အဖွဲ့တွေကို နိုင်ငံတော်က အကြမ်းဖက်အဖွဲ့အဖြစ် စက်တင်ဘာ ၂ ရက်နေ့က ကြေညာခဲ့ပြီး ဒီအဖွဲ့တွေနဲ့ ဆက်နွှယ်နေသူတွေဟာလည်း အကြမ်းဖက်အားပေးနေသူတွေဖြစ်တယ်လို့ SAC ဥက္ကဋ္ဌက အတိအလင်းပြောလာခဲ့သလို လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူတွေကို တုံ့ပြန်သွားမှာဖြစ်လို့ ဒီအကြမ်းဖက်တွေ အဓမ္မဝင်ရောက် နေထိုင်နေတဲ့ မြို့၊ ရွာတွေက ပြည်သူတွေအနေနဲ့ အသုံးချမှုမခံရစေရေးနဲ့ ဘေးကင်းလုံခြုံမှုရှိစေရေး သတိပြုကြဖို့လည်း ထပ်ဆင့်သတိပေးတာ တွေ့မြင်ခဲ့ရပါတယ်။

လက်ရှိမှာဆိုရင်လည်း MNDAA နဲ့ TNLA တို့ နယ်မြေလုသိမ်းယူထားရာ မြို့အချို့ကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်နီးပါးပြုနေသလို တရုတ်စကားပဲပြောတတ်တဲ့ တရုတ်ကိုးကန့် MNDAA နယ်မြေလုယက်သိမ်းယူထားတဲ့ လားရှိုးဆိုရင်လည်း စက်တင်ဘာ ၈ ရက်နဲ့ ၉ ရက် နှစ်ရက်ဆက် ဗုံးကြဲရာမှာ တရုတ်ကိုးကန့်လက်နက်ကိုင်တွေ တပ်စွဲနေ၊ ဇိမ်ခံနေတဲ့ စာသင်ကျောင်းတွေ၊ မြို့သိမ်းပြီးတာ တစ်လကျော်တဲ့အထိ ပြည်သူကို ပြန်မပေးဘဲ လုယက်သိမ်းယူထားတဲ့ ကားတွေနဲ့ ဆိုင်ကယ်တွေ သိုလှောင်ထားရာ အားကစားရုံ၊ ထွေအုပ်ရုံး၊ MNDAA အကြီးပိုင်းတွေ ဇိမ်ခံတဲ့ ဟိုတယ် စတဲ့ အများပြည်သူကင်းလွတ်ရာ အစိုးရပိုင်အဆောက်အအုံတွေနဲ့ ဇိမ်ခံရာနေရာအများစုကို တပ်စွဲထားရာ နေရာတွေကို ဦးတည်ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလည်း မြင်ရပါတယ်။

ဒီနေရာမှာ စဥ်းစားချင့်ချိန်စရာက မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနှစ်ခုက မပြီးဆုံးသေးသလို PDF တွေမြို့သိမ်းနေတာကလည်း မပြီးသေးဘဲ ငြိမ်းချမ်းရေးအလှမ်းဝေးနေတဲ့ အချိန်အခါဖြစ်နေတယ်ဆိုတာပါ။ ငြိမ်းချမ်းရေးစကားဝိုင်းကို လက်မခံဘဲ စစ်ဘောင်ပဲ ချဲ့ပြီး နယ်မြေလု မြို့သိမ်းခံထားရတဲ့မြို့တွေ၊ PDF တွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဒွေးရောယှက်တင်ရှိနေတဲ့ အမည်ခံစစ်ရှောင်စခန်းတွေဟာ ဒီမပြီးသေးတဲ့ စစ်အတွင်းမှာ အချိန်မရွေး တိုက်ခိုက်ခံရနိုင်တယ်ဆိုတာကလည်း ထပ်ဆင့်တွေးစရာပါပဲ။ လက်တွေ့မှာလည်း စစ်ရှောင်ပြည်သူအစစ်တွေဟာ ငြိမ်းချမ်းရာနယ်မြေတွေကို ဦးတည်စစ်ရှောင်ကြသလို MNDAA၊ TNLA၊ AA နဲ့ PDF တွေ တခြားလက်နက်ကိုင်တွေသိမ်းထားတဲ့ မြို့ ၇၀ ကျော်မှာလည်း ပြည်သူအများစုက စစ်ပြီးပြီဆိုပြီး ပြန်နေတာမျိုးထက် အကြမ်းဖက်လက်နက်ကိုင် ဆက်နွှယ်ထောက်ခံသူလို့ ယူဆရသူတွေပဲ ပြန်နေတာကို မြင်နေရတာပါ။ ဒီလိုမျိုး စစ်မပြီးသေးဘဲ၊ ငြိမ်းချမ်းရေးဆွေးနွေးသံမကြားဘဲ တိုက်ခိုက်နေဆဲမြို့မှာ ပြန်နေရင်တော့ အချိန်မရွေး ထိခိုက်မှာပဲဆိုတဲ့ တွေးဆတတ်မှုမျိုး ရှိကြဖို့လည်း လိုအပ်ပါတယ်။

အဆုံးစွန်ဆုံးအထိပြောရမယ်ဆိုရင် ကိုယ့်ဘာသာ စာသင်တာပဲလုပ်တတ်တဲ့၊ လက်နက်ကိုင်ရတာလည်း မဟုတ်တဲ့ နိုင်ငံဝန်ထမ်းတွေကိုတောင် “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်စေသူ” စွပ်စွဲပြီး ရဟန်းသံဃာနဲ့ လူ ၈၀၀၀ ကျော် သတ်ဖြတ်ထားတာကို မှန်တယ်လို့ လက်ခုပ်တီးနေသရွေ့တော့ ကိုယ့်မနောဟာ ကိုယ့်ကျောပဲ ပြန်ကပ်မှာလို့ တစ်ချက်တော့ ပြောရမှာပါ။ ဒါပေမဲ့လည်း ဆင်ခြင်နိုင်စရာတစ်ခုအဖြစ်လည်း ပြောရမယ်ဆိုရင် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရသူတွေနဲ့ ရှိနေသူတွေ၊ စစ်ရှောင်စခန်းမှာ လက်နက်ကိုင်တွေက အလှူခံကျွေးတာစားပြီး “စစ်ဘေးရှောင်ဖြစ်သွားလည်း စောက်ဂရုမစိုက်”ဆိုတဲ့ ကိုယ့်အသက်ရင်း ကြွေးကြော်တဲ့ အမည်ခံစစ်ရှောင်တွေဟာလည်း အချိန်မရွေး လေကြောင်းတိုက်ခိုက်ခံရနိုင်တာတွေးပြီး ကိုယ့်အသက်ကိုယ် ကြံဖန်မွေးဖို့အတွက် အကြမ်းဖက်သူလက်နက်ကိုင်အနား မနေဖို့ လိုအပ်နေပါပြီလို့ အကြံပြုရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။

Leave a Reply

Your email address will not be published. Required fields are marked *