September 19, 2024

၁၀.၉.၂၀၂၄
Written By Zun

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်းရပ်ကွက်၊ ရွှေလမင်းသဲကွင်းအနီးရှိ ပုစွန်တောင် ချောင်းအတွင်း အမျိုးသားတစ်ဦး ရေနစ်‌‌သေဆုံးမှု ယနေ့ မွန်းလွဲ ၂ နာရီ ၃၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရေနစ်သူအား ကူညီပေးရန်ဆက်သွယ်လာသဖြင့် မင်္ဂလာတောင်ညွန့် လူမှုကူညီရေးအသင်းက သွားရောက်ကူညီခဲ့ရာ ရေနစ်သူ၏ သေဆုံးနေသော ရုပ်အလောင်းကိုသာ တွေ့ရှိရကြောင်း သိရသည်။

သေဆုံးသူမှာ အသက် ၅၄ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ရေတက်ချိန်တွင် ရေဆင်းကူးရာမှ နစ်မြုပ် သေဆုံးခြင်း ဖြစ်ကြောင်း၊ ယင်းမှာ စက်ဆန်းရှိ အုတ်သဲကျောက်အရောင်းဒိုင်မှအလုပ်သမားတစ်ဦး ဖြစ် ကြောင်းလည်း သိရသည်။

“ကျွန်တော်တို့ကို ဆက်သွယ်အကြောင်းကြားလာတာကြောင့် သွားတာပါ။ ပုစွန်တောင်ချောင်းမှာ ရေကူးတာ။ အဲဒီနားက အလုပ်သမားတွေက ချောင်းထဲမှာ မိုးတွေရွာရင် ရေကူးလေ့ရှိတယ်။ အဲဒီမှာ ရေကူးရင်းနဲ့ ဖြစ်တာ ပါ”ဟု မင်္ဂလာတောင်ညွန့် လူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးက MT News ကို ပြောသည်။

သေဆုံးသူ၏ရုပ်အလောင်းကို ပုသိမ်ညွန့်လူမှုကူညီရေးအသင်းနှင့် ပူးပေါင်းချိတ်ဆက်၍ မင်္ဂလာတောင်ညွန့်လူ ငယ်-လူမှုကူညီ ကယ်ဆယ်ရေးအသင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးက အဆိုပါရုပ်အလောင်းကို သေမှုသေခင်း အမှတ် PR.003 ဖြင့် လက်ခံခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – မင်္ဂလာတောင်ညွန့် လူမှုကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *