September 20, 2024

တံတားပေါ်မှ ယာဉ်နှင့်ဆိုင်ကယ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

၁၀.၉.၂၀၂၄
Written By Zun

မိုးသည်းထန်နေသော ထိုင်း-မြန်မာနယ်စပ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ရေကြီးနေ၍ ထိုင်း- မြန်မာ ချစ်ကြည်ရေးအမှတ်(၁)တံတား‌ပေါ်အထိ ရေတက်လာသည့်အတွက် တံတားပေါ်မှ ယာဉ်နှင့်ဆိုင်ကယ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ စက်တင်ဘာလ ၁၀ ရက်တွင် တာချီလိတ်မြို့တွင်း ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး အပါအဝင် တာလော့ ရပ်ကွက်၊ ပုန်းထွန်းရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်၊ မကာအိုခမ်းရပ်ကွက်၊ ဆန်ဆိုင်း(က) ရပ်ကွက်နှင့် (ခ)ရပ် ကွက်၊ ဝမ်ကောင်ရပ်ကွက်နှင့် မြေနိမ့်ပိုင်းရပ်ကွက်များရှိ လူနေအိမ်အချို့ ရေနစ်မြုပ်နေကြောင်းသိရသည်။

ထို့အတွက် တာချီလိတ်မြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်များတွင် နေထိုင်သည့် အိမ်ထောင်စု ၁၀၉ စု၊ လူဦးရေ ၅၂၁ ဦးတို့၏ နေအိမ်များအတွင်း ရေများဝင်ရောက်ခဲ့ကြောင်း၊ ယင်းကြောင့် သက်ဆိုင်ရာက အောင်မြတ်ခန်းမ၊ ခရိုင်အားကစားခန်းမနှင့် ပုန်းထွန်းသီရိရတနာဂူဟာဘုန်းကြီးကျောင်းတို့တွင် ရေဘေးသင့်ပြည်သူများ ခိုလှုံနိုင်ရန် ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နှင့် ၉ ရက်က ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့နှင့်၊ တာချီလိတ်မြို့ အပါအဝင် မိုင်း ဆတ်ခရိုင်တို့တွင် မိုးသည်းထန်သောကြောင့် တောင်ကျရေများနှင့်အတူ မယ်ဆိုင်ချောင်းရေမြင့်တက်လာကာ ရေကြီးခြင်း ဖြစ်သည်။

မယ်ဆိုင်ချောင်းရေ စိုးရိမ်ရေမှတ်မှာ ၃၉၀ စင်တီမီတာဖြစ်သော်လည်း ယနေ့စက်တင်ဘာလ ၁၀ ရက်တွင် လွယ်တော်ခမ်းရှိ မိုးဇလ၏ တိုင်းထွာချက်အရ ၅၅၀ စင်တီမီတာသို့ ရောက်ရှိနေသောကြောင့် ရပ်ကွက်လမ်းများ၊အိမ်များ ရေနစ်မြုပ်သည်ထိ ဖြစ်ပေါ် ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် လွယ်တော်ခမ်းရှိ တောင်ကုန်းတစ်ခုတွင် မြေပြိုကျမှုများဖြစ်ပေါ်ကြောင်း၊ ဒေသခံများအား လိုအပ်ပါကရွှေ့ပြောင်းပေးရန် လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း သိရသည်။

“ရေကြီးရေလျှံဖြစ်လာတဲ့အခါ ကူညီကယ်ဆယ်ရေးအတွက် နီးစပ်ရာ ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးရုံးတွေ လူမှုအသင်းအဖွဲ့တွေကို ဆက်သွယ်အကူအညီ တောင်းခံနိုင်တယ်လို့ ကြေညာထားပါတယ်” တာချီလိတ်မြို ပေါ် မေတ္တာရှင်လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူက MT News ကို ပြောသည်။

ယခုအခါ ရေကြီးရေလျှံမှုကြောင့် လိုအပ်သောအကူအညီများအတွက် ဦးလှမိုး နာရေးကူညီမှုအသင်း၊ မေတ္တာရှင်လူမှုကူညီရေးအသင်း၊ ရွှေမယ်ယန်းလူမှုကူညီရေးအသင်း၊ ကြက်ခြေနီအသင်း၊ ရွှေတာချီလူမှုကူညီရေးအသင်း၊ အလင်းရောင်ပရဟိတအသင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး၊ တာလော့ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ပုန်းထွန်ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မယ်ခေါင်ရပ်ကွက်အုပ်ချုပ်ရေးမှုး၊ ဆန်ဆိုင်း(က) အုပ်ချုပ်ရေးမှူး၊ ဆန်ဆိုင်း(ခ)အုပ်ချုပ်ရေးမှူးတို့ကို ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *