September 20, 2024

၁၀.၉. ၂၀၂၄
Written by Shwe Phyo

မြန်မာနိုင်ငံတွင်ဖြစ်ပွားလျက်ရှိနေသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် စာသင်ကျောင်းများ တိုက်ခိုက်ခံနေရပြီး ပြီးခဲ့သော ၂ နှစ်အတွင်း စာသင်ကျောင်းများတိုက်ခိုက်ခံရမှု ၁၇၄ ကြိမ်ရှိခဲ့ကြောင်း ပညာရေးအားပစ်မှတ်ထားတိုက်ခိုက်မှုတားဆီးကာကွယ်ရေး နိုင်ငံတကာနေ့တွင် အမေရိကန်အစိုးရက ထုတ်ဖော်ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးကလည်း မြန်မာ နိုင်ငံတွင်း စာတတ်မြောက်ရေးနှင့် သင်ယူလေ့လာရေးသည် လုံခြုံမှုမရှိသည့် အခြေအနေဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ကလေးငယ်များ၏ ဘေးကင်းလုံခြုံစွာ ပညာသင်ကြားခွင့်မှာလည်း ငြင်းပယ်ခံနေရကြောင်း အမေရိကန်အစိုးရက ပြောသည်။

အမေရိကန်အစိုးရ၏ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ USAID အနေနှင့် မြန်မာနိုင်ငံရှိ ပဋိပက္ခဒဏ်သင့်သော ကလေး ၃၀၀,၀၀၀ ကျော်အတွက် ဘေးကင်းလုံခြုံသော သင်ကြားရေးနေရာများ ထောက်ပံ့ဖန်တီးပေးရန် ဒေသခံပညာရေးမိတ်ဖက်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်အတူ လက်တွဲလုပ်ဆောင်လျက်ရှိနေကြောင်း သတင်းထုတ်ပြန်ထားသည်။

အမေရိကန်အစိုးရက မြန်မာနိုင်ငံ၏ အနာဂတ်အတွက် စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုကို ယခုချက်ချင်း ရပ်တန့်ရမည်ဖြစ်ကြောင်း တိုက်တွန်းတောင်းဆိုထားသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က နိုင်ငံရေးအာဏာအငြင်းပွားမှုများဖြစ်ပွားလာခဲ့ပြီးနောက်ပိုင်း တိုက်ပွဲများအရှိန်မြင့်ဖြစ်ပွားလာခဲ့ရာ သုံးနှစ်ကျော်အတွင်း လူပေါင်း ၃ သန်းခန့် နေရပ်စွန့်ခွာနေထိုင်နေရပြီး ပညာသင်ကြားရမည့်အရွယ်များလည်း ပါဝင်နေကြောင်း ကုလသမဂ္ဂ၏ထုတ်ပြန်ချက်များတွင် ဖော်ပြခဲ့ဖူးသည်။

မဲမသမာမှုများ မဖြေရှင်းသည့် NLD အစိုးရဟောင်း ဖြုတ်ချခံရပြီးနောက် NLD အမတ်ဖြစ်ခဲ့သူများနှင့် ထောက်ခံသူများက နွေဦးတော်လှန်ရေးစတင်ကာ ကလေးငယ်များကိုလည်း CDM ပြုလုပ်ရန် သွေးထိုးခြင်း၊ ကျောင်းတက်နေသည့် ကလေးငယ်များကို Social Punishment လုပ်ခြင်း၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကလေးငယ်များကို သူလျှို၊ ဒလန်သတ်မှတ်ကာ တိုက်ခိုက်ခြင်းများကြောင့် ဆရာ၊ ဆရာမနှင့်ကလေးငယ် ၃၀၀ ခန့် သေဆုံးထားသလို လွိုင်ကော်တက္ကသိုလ်အပါအဝင် တက္ကသိုလ်များ၊ ကျောင်းများမှ ဆရာ၊ ဆရာမများမှာလည်း NUG နှင့် PDF များ၏ ဖမ်းဆီးသတ်ဖြတ်မှု ခံနေရဆဲဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *