September 20, 2024

၁၀. ၉. ၂၀၂၄
Translated by Htwe Ko Tun

အိန္ဒိယနိုင်ငံ၊ ကိုလ်ကတ္တားမြို့တွင် RG Kar ဆေးရုံမှ အလုပ်သင်ဆရာဝန် အမျိုးသမီးငယ်တစ်ဦး မတရားပြုကျင့်ခံရပြီး အသတ်ခံခဲ့ရမှုအတွက် ဆန္ဒပြနေကြသော ဆရာဝန်များအား ကောင်းကျိုးမပြုသော ဆောင်ရွက်မှုများမဖြစ်ပေါ်စေရန်အတွက်ဟုဆိုကာ စက်တင်ဘာလ ၁၀ ရက် ညနေ ၅ နာရီနောက်ဆုံးထား၍ မိမိတို့လုပ်ငန်းခွင်များသို့ ပြန်လည်ဝင်ရောက်ကြရန် တရားရုံးချုပ်က ညွှန်ကြားခဲ့သော်လည်း ဆန္ဒပြသူများက ၎င်းတို့၏လုပ်ဖော်ကိုင်ဘက်အတွက် တရားမျှတမှုကို တောင်းဆိုရန် လုပ်ငန်းခွင်ကို သပိတ်မှောက်၍ ဆက်လက်ဆန္ဒပြသွားမည်ဟု ပြောကြားခဲ့ကြသည်။

တရားရုံးချုပ်က ဆန္ဒပြနေသော ဆရာဝန်များအား ဤကဲ့သို အမိန့်ထုတ်လမ်းညွှန်ခဲ့ခြင်းက အလွန်ပင် စိတ်ပျက်အားလျော့ဖွယ်ဖြစ်ရကြောင်းလည်း အိန္ဒိယဆေးဘက်ဆိုင်ရာအဖွဲ့(IMA) ၏အနောက်ဘင်္ဂလား ပြည်နယ်အဖွဲ့ခွဲက စက်တင်ဘာလ ၉ ရက်တွင် ပြောခဲ့သည်။

အမျိုးသမီးဆရာဝန် ဩဂုတ်လ ၉ ရက်က မတရားပြုကျင့်အသတ်ခံရမှု တစ်လပြည့်သည့်နေ့ဖြစ်သော စက်တင်ဘာလ ၉ ရက်၌ ညကိုးနာရီအချိန်တွင် ကိုးမိနစ်ကြာ ဆန္ဒပြကြမှုကို ကိုလ်ကတ္တားမြို့၏နေရာအနှံ့ လမ်းများပေါ်၌ ဆန္ဒပြပြည်သူများက ‘၉-၉-၉’ ဆန္ဒပြပွဲဟု အမည်တပ်ကာ ပြုလုပ်ခဲ့ကြသေးသည်။ ရာပေါင်းများစွာသောပြည်သူများက ကိုးမိနစ်ကြာဆန္ဒပြမှုတွင် နိုင်ငံတော်သီချင်းကိုသီဆိုကြကာ ကိုလ်ကတ္တားမြို့အတွင်း လှည့်လည်ခဲ့ကြသည်။

ဆန္ဒပြဆရာဝန်များကလည်း ယခုအခါတွင် ပြည်နယ်ကျန်းမာရေးဝန်ကြီးနှင့် ကျန်းမာရေးပညာပေးရေးဌာန ညွှန်ကြားရေးမှူးတို့အား အလုပ်မှနုတ်ထွက်ပေးရန်တောင်းဆိုလာကြသည်။ ဆန္ဒပြဆရာဝန်တစ်ဦးက “ကျွန်တော်တို့ရဲ့တောင်းဆိုချက်တွေကိုလည်း ဖြည့်ဆည်းမပေးခဲ့ဘူး။ မတရားပြုကျင့်အသတ်ခံရသူ အတွက်လည်း မျှတတဲ့တရားစီရင်မှုမရသေးဘူး။ ဒီတော့ကျွန်တော်တို့ အနေနဲ့ အလုပ်ပြန်မဝင်နိုင်သေး ပါဘူး” ဟုပြောကြားခဲ့သည်။

Ref- Hindustan Times

Leave a Reply

Your email address will not be published. Required fields are marked *