September 20, 2024

၁၀.၉.၂၀၂၄
Written by Hey Mar

ကားလမ်း‌ဘေးလမ်းလျှောက်နေတဲ့ အမျိုးသားတစ်ဦးကို ယာဉ်တစ်စီးက လမ်းမေးတာကြောင့် ခေါင်းငုံ့ပြီးဖြေပေးစဉ် နောက်ကနေ ခေါင်းကိုရိုက်ကာ ကားထဲဆွဲသွင်း ပစ္စည်းလုယက်တဲ့ ဖြစ်စဉ် ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ ၊ မြောက်ဒဂုံမြို့နယ်၊ တောင် မြောက်လမ်းဆုံအနီးမှာ ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်ကို ကာယကံရှင် မိသားစုဝင်ထံကနေ သိရပါတယ်။

အဆိုပါဖြစ်စဉ်မှာ လုယက်ခံရတဲ့အမျိုးသားက ဖြစ်စဉ်ဖြစ်တဲ့ စနေနေ့ ညနေ ၅ နာရီကျော်မှာ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ကုန်ပဒေသာဘက်က‌နေ အလုပ်ကိစ္စ သွားပြီး ပြန်လာခဲ့ကြောင်း၊ သူငယ်ချင်းတွေနဲ့ ဖူဆယ်ဘောလုံးကန်ဖို့အတွက် မြောက်ဒဂုံမြို့နယ်၊ မဝတမှတ်တိုင်ကို သွားဖို့ တောင်မြောက်လမ်းဆုံဘက် ဘတ်စ်ကားဂိတ်ကို လမ်းလျှောက်နေစဉ် ဘေးကနေ ကားအဖြူတစ်စီးရပ်ပြီး လမ်းမေးကြောင်း၊ ရွာသာကြီးဘက် ဘယ်လိုသွားရလဲဆိုပြီးမေးတဲ့အတွက် ခေါင်းငုံ့ဖြေနေစဥ်မှာ နောက်ကနေ အရိုက်ခံရပြီး မူးသွားတဲ့ချိန် အမျိုး သားနှစ်ယောက်ချုပ်ပြီး ကားပေါ်တင်သွားကြောင်း၊ ကားပေါ်မှာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ပါးစပ်ကိုအတင်းအုပ် လက်တွေချုပ်ထားတာသာ နောက်ဆုံးမှတ်မိတယ်လို့ဆိုပါတယ်။

လုယက်ခံရသူ အမျိုးသား သတိရလာချိန်မှာ‌တော့ လမ်းမကြီးဘေးတစ်နေရာမှာ ဖြစ်နေပြီး လမ်းလျှောက်လာရင်း အနီးအနားကိုမေးကြည့်ပါမှ သာကေတ မြို့ပတ်လမ်းပေါ်ရောက်နေတာကို သိရတဲ့အတွက် တက္ကစီဆရာတစ်ဦးကို အကူအညီတောင်းပြီး နေအိမ်ကို ပြန်လာခဲ့တယ်လို့ ဆိုပါတယ်။ အမျိုးသားမှာ ပါသွားတဲ့ ဖုန်း ၊ Laptop၊ အလုပ်စရန်ငွေနဲ့ လက်ထပ်လက်စွပ် ရွှေမောင်းကွင်းလုယက်ခံလိုက်ရပြီး ဘယ်ဘက်ဒူးခေါင်းမှာ သံချွန်နဲ့ထိုးထားသလို ခပ်နက်နက် အပေါက်ဒဏ်ရာမျိုးရရှိလာကာ ခေါင်း၊ ဗိုက်တွေ နာနေပြီး ဖျားနာဝေဒနာ ခံစားနေရတယ်လို့ လုယက်ခံရသူ အမျိုးသားရဲ့ ဇနီးက ပြောပါတယ်။

ဇနီးဖြစ်သူက ” သူ့စိတ်ထဲမှာ သူပျောက်တဲ့နေ့ပဲ ပြန်ရောက်လာတယ်ထင်နေတာပါ။ တစ်ညနဲ့ တစ်ရက်ပျောက်သွားတာ သူမသိတော့ပါဘူး။ ရဲစခန်းတော့တိုင်မထားမိသေးပါဘူးရှင့်။ မနေ့ည အမျိုးသားပြန်ရောက်တာကနေ အခုထိ သေချာနေမကောင်းတော့ သူ့ကိုပဲ ဂရုစိုက်နေလို့ပါ။ လူပြန်ရောက်တာ တော်ပြီမို့ ပစ္စည်းတွေအတွက်လည်း ဘာမှ ထပ်မမျှော်လင့်တော့လို့ပါ “လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *