September 20, 2024

၁၀.၉.၂၀၂၄
Written by TZ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့၊ မုကွဲကျေးရွာ၊ ကျောင်းကြီးကျောင်းတိုက်ဝန်းအတွင်းရှိ ဓာတ်ပေါင်းစုမဟာစေတီနှင့် ပေ ၅၀ခန့်အကွာ တောထဲတွင် ချစ်သူအမျိုးသားမှ ၎င်း၏ချစ်သူကျောင်းဆရာမ၏ လည်ပင်းကို လွယ်အိတ်ကြိုးဖြင့် ချည်၍ ထိုကျောင်းဆရာ၏ ဆီးခုံကို ဓားဖြင့်ထိုး သတ်ဖြတ်ပြီးဝတ်ဆင်ထားသည့် ရွှေထည်ပစ္စည်းများကို လုယက် ထွက်ပြေးသွားကြောင်း ကနဦးသတင်းများအရ သိရသည်။

ဖြစ်စဥ်မှာ မုကွဲကျေးရွာတွင် နေထိုင်ပြီး ထိုကျေးရွာတွင် ကျောင်းဆရာမတာဝန်ကို ထမ်းဆောင်နေသည့် ဒေါ်ချစ်ချစ်ထူးမှာ စက်တင်ဘာလ ၁ ရက်နေ့တွင် နေအိမ်မှထွက်သွားပြီးနောက် မိသားစုဝင်များမှ ဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိသောကြောင့် ချောင်းဆုံမြို့ရှိရဲစခန်းကို မိသားစုများမှ တိုင်တန်းခဲ့သည်။ ထို့နောက် ကျောင်းဆရာမ၏ ရုပ်အလောင်းကို စက်တင်ဘာလ ၈ ရက် နေ့လယ် ၂ နာရီဝန်းကျင်တွင် မုကွဲကျေးရွာ၊ ကျောင်းကြီးကျောင်းတိုက်ဝန်းအတွင်းရှိ ဓာတ်ပေါင်းစုမဟာစေတီနှင့်ပေ ၅၀ခန့်အကွာ တောထဲ၌သေဆုံးသည့် ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်အပေါ် တာဝန်ရှိသူများမှ လိုက်လံစုံစမ်းရာ စက်တင်ဘာလ ၁ ရက်နေ့တွင် သေဆုံးသူ၏ ချစ်သူအမျိုးသား အောင်သူဟိန်းဆိုသူက ဆိုင်ကယ် Taxi မောင်းသည့် အမျိုးသားမှတစ်ဆင့် ချစ်သူဖြစ်သော
ကျောင်းဆရာမဆီသို့ စာတစ်စောင် ပို့ခိုင်းပြီး တစ်ပါတည်း ခေါ်ဆောင်လာရန် မှာလိုက်၍ ဆိုင်ကယ် Taxi သမား သေဆုံးသူ ဆရာမအား စာရွက်ပြကာ ချစ်သူကောင်လေးရှိသည့် မုကွဲကျေးရွာ၊ ကျောင်းကြီးကျောင်းတိုက်သို့ ပို့ဆောင်သဖြင့် ဆိုင်ကယ် Taxi ခ ကျသင့်ငွေကို ချစ်သူအမျိုးသားက ရှင်းပေးခဲ့ကြောင်း သိရသည်။

ဆိုင်ကယ် Taxi သမားပြန်ပြီးနောက် မကြာမီ သံသယတရားခံချစ်သူအမျိုးသားက ပြန်လာခေါ်ရန် ဆိုင်ကယ် Taxi သမားကို ဖုန်းဆက်သောကြောင့် သမီးရည်းစားချိန်းတွေ့ရာ ကျောင်းကြီးကျောင်းတိုက်သို့ သွားရောက်ခေါ်ဆောင်ချိန်တွင် သံသယတရားခံဖြစ်သည့် ချစ်သူအမျိုးသားတစ်ဦးသာတွေ့ရကြောင်း၊ ကျောင်းဆရာမကို မတွေ့ရှိကြောင်း ဆိုင်ကယ် Taxi ဆွဲသည့် အမျိုးသားက ထွက်ဆိုထားသည်။

“သက်ဆိုင်ရာက ၈ ရက်နေ့ နေ့လယ် ၂ နာရီဝန်းကျင်က ဖုန်းဆက်လို့အလောင်းသွားသယ်တာ။ ဆရာမရဲ့ လည်ပင်းကို လွယ်အိတ်ကြိုးနဲ့ချည်ထားတယ်။ ဆီးခုံမှာလည်း ဒဏ်ရာ ၂ ချက်၊ လက်မောင်းနဲ့ပေါင်မှာလည်း ညိုနေတာတွေ တွေ့တယ်။ ချစ်သူကောင်လေးလုပ်တာလို့တော့ သိရတယ်။ သူကတော့ ထွက်ပြေးနေတယ်” ဟု အလောင်းအားသွားရောက်သယ်ဆောင်သည့် ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

သတ်ဖြတ်ခံရသူ ကျောင်းဆရာမ ဒေါ်ချစ်ချစ်ထူး(ခ) ထူးထူးမှာ အသက် ( ၂၇) နှစ်ရှိပြီး ၎င်း၏ ခန္ဓာကိုယ်တွင်ဝတ်ဆင်ထားသည့် ရွှေထည်ပစ္စည်းများဖြစ်သော နားဆွဲ၊ လက်စွပ်နှင့် ရွှေဆွဲကြိုးတို့ ပျောက်ဆုံးနေကြောင်း၊ တရားခံကို ဖမ်းဆီးနိုင်ရန်အတွက် သက်ဆိုင်ရာက စုံစမ်းနေကြောင်းလည်း သိရသည်။

Photo -Credit

Leave a Reply

Your email address will not be published. Required fields are marked *