September 20, 2024

◾ ဗဟိုဘဏ်က တစ်လကျော်အတွင်း ဒေါ်လာ ၂၁၇ သန်းဝန်းကျင် ထုတ်ရောင်းပေးထား

၁၀. ၉. ၂၀၂၄
Written by Nyein Kyaw

ဗဟိုဘဏ်မှ ဒေါ်လာ ၁၀ ဒသမ ၈၉၁ သန်း၊ တရုတ်ယွမ် ၃ ဒသမ ၄၆၅ သန်းနှင့် ထိုင်းဘတ် ၁၂၁ သန်းကျော် ထပ်မံထုတ်ရောင်းပေး၍ တစ်လကျော်အတွင်း ဒေါ်လာ ၂၁၇ သန်းဝန်းကျင်၊ တရုတ်ယွမ် ၂၂ သန်းခွဲခန့်နှင့် ထိုင်းဘတ်သန်း ၂၈၀ ကျော် ထုတ်ရောင်းပေးထားကြောင်း စက်တင်ဘာ ၉ ရက် (ယမန်နေ့)တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၁၀၀ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ် ကြေညာခဲ့ပြီးနောက် ဩဂုတ်လ ၁၅ ရက်တွင် ဒေါ်လာ ၉ ဒသမ ၄၈၉ သန်း၊ ဩဂုတ်လ ၁၉ ရက်တွင် ဒေါ်လာ ၈၉ ဒသမ ၉၇၅ သန်း၊ ဩဂုတ်လ ၂၂ ရက်တွင် ဒေါ်လာ ၃၁ သန်း၊ ဩဂုတ်လ ၂၆ ရက်တွင် ဒေါ်လာ ၃၅ သန်းကျော်၊ ဩဂုတ်လ ၂၈ ရက်တွင် ဒေါ်လာ ၁၇ နီးပါး၊ စက်တင်ဘာ ၄ ရက်တွင် ၁၂ သန်းကျော် စုစုပေါင်းဒေါ်လာ ၁၉၄၅ သန်းကျော် ထုတ်ရောင်းပေးခဲ့ပြီးဖြစ်သည်။

စက်သုံးဆီလုပ်ငန်းရှင်များကို မရောင်းပေးမီ ဩဂုတ်လ ၁ ရက်တွင် ‌ထိုင်းဘတ် ၆၉ သန်းနှင့် တရုတ်ယွမ် ၉ သန်း၊ ဩဂုတ်လ ၂ ရက်တွင် ဒေါ်လာ ၅ သန်းနှင့် တရုတ်ယွမ် ၅ သန်း၊ ဩဂုတ်လ ၉ ရက်တွင် ဒေါ်လာ ၆ သန်း၊ တရုတ်ယွမ် ၅ သန်းနှင့် ထိုင်းဘတ် ၁၀ သန်း ရောင်းချပေးထားပြီးဖြစ်သည်။

ယခုထပ်မံရောင်းချပေးခဲ့သည့် ဒေါ်လာ ၁၀ ဒသမ ၈၉၁ သန်း၊ တရုတ်ယွမ် ၃ ဒသမ ၄၆၅ သန်းနှင့် ထိုင်းဘတ် ၁၂၁ သန်း အပါအဝင် ဩဂုတ်လ ၁ ရက်မှ စက်တင်ဘာ ၉ ရက်အထိ တစ်လကျော်အတွင်း စုစုပေါင်းနိုင်ငံခြားငွေ ဒေါ်လာ ၂၀၁၇ သန်းဝန်းကျင်၊ တရုတ်ယွမ် ၂၂ သန်းခွဲခန့်နှင့် ထိုင်းဘတ်သန်း ၂၈၀ ကျော် ရောင်းချပေးထားခြင်းဖြစ်သည်။

ပြည်တွင်း နိုင်ငံခြားငွေကြေးဈေးကွက်တွင် ယခုစက်တင်ဘာ ၇ ရက်မှစတင်၍ ဒေါ်လာဈေးနှုန်း အကျဘက်ပြန်ဦးတည်ခဲ့သော်လည်း ဒေါ်လာဈေးနှုန်း အတက် အကျများနေသလို ယမန်နေ့ တစ်ရက်တည်းတွင် ဈေးနှုန်းပြောင်းလဲမှု ၆ ကြိမ်ဖြစ်ပေါ်ခဲ့ပြီး တစ်ဒေါ်လာ ကျပ် ၄၈၀၀ ဝန်းကျင်အထိ ခုန်ဆင်းခဲ့သော်လည်း နာရီပိုင်းအတွင်း ကျပ် ၅၂၀၀ သို့ ပြန်မြင့်တက်ခဲ့သည်။ ယနေ့ နံနက်ပိုင်းတွင် တစ်ဒေါ်လာ ကျပ် ၅၀၅၀ သို့ ပြန်ကျခဲ့သည်။

ယမန်နေ့တွင် ဒေါ်လာဈေး ကျပ် ၅၀၀၀ အောက် နာရီပိုင်းကျဆင်းခဲ့မှုသည် ဩဂုတ်လ ၁ ရက်တွင် တစ်ဒေါ်လာ ကျပ် ၅၅၀၀ မှ ဩဂုတ်လ ၁၄ ရက်တွင် တစ်ဒေါ်လာ ကျပ် ၇၀၀၀ ကျော်အထိ အဆိုးဝါးဆုံးမြင့်တက်ထားသည့် တစ်လကျော်အတွင်း တစ်ဒေါ်လာ ကျပ် ၅၀၀၀ အောက်သို့ ပထမဆုံးကျဆင်းခဲ့ခြင်းလည်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *