September 20, 2024

၁၀.၉.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ ဂျီအီးမြရတနာလမ်းတွင် စက်တင်ဘာလ ၈ ရက် ညပိုင်းက တောဆင်ရိုင်းတစ်ကောင် ဝင်ရောက်တိုက်ခိုက်သ​​​ဖြင့်နေအိမ်ထဲတွင် ထမင်းစားနေသော အဘိုးအို သေဆုံးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

တောဆင်ရိုင်းမှာ နေအိမ်ထဲသို့ ဝင်ရောက်ခဲ့ပြီး ထမင်းစားနေသော အသက် ၇၄ နှစ်အရွယ် ဦးပြုံးချိုကို နှာမောင်းဖြင့်ရစ်ပတ်ကာ ကိုင်ပေါက်တိုက်ခိုက်ခဲ့သဖြင့် ဒဏ်ရာများစွာရရှိကာ သေဆုံးခဲ့ရသည်။

“တောဆင်ရိုင်းက အစာလိုက်ရှာရင်း အိမ်ထဲဝင်လာပြီး အဘိုးအိုကို တိုက်ခိုက်သွားတာ၊ ဗိုက်ပွင့်ပြီး ဆုံးသွားတယ်လို့ကြားတယ်။ ရပ်ကွက်နေသူတွေလည်း ဆင်အန္တရာယ်ကို ကြောက်လန့်နေကြတယ်။ ဆင်က ပြန်သွားပြီး တစ်ရက်၊ နှစ်ရက်ဆို ပြန်ရောက်လာပြန်ရော”ဟု တိုက်ကြီးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

တိုက်ကြီးမြို့၊ လူသန့်အင်းရွာ၊ ရှောက်ပင်ကတ်ရွာတို့တွင် တောဆင်းရိုင်းတစ်ကောင် မကြာခဏ ဝင်ရောက်ကာ နေအိမ်များကို ဝင်ရောက်ဖျက်ဆီးနေသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး ကျေးရွာနေသူ လက်လုပ်လက်စားများမှာ တစ်​နေကုန် အလုပ်ပင်ပန်းပြီး ညပိုင်းတွင် ကောင်းမွန်စွာမအိပ်ရသဖြင့် ဆင်ဦးစီးများက တောဆင်ရိုင်းကို လာရောက်ခေါ်ဆောင်ပေးစေလိုကြောင်း ဒေသခံတစ်ဦးက ပြောသည်။

တိုက်ကြီးမြို့ မင်္ဂလာရပ်ကွက်ရှိ လူသန့်အင်းလမ်းတွင် ​​သြဂုတ်လ ၁၄ ရက်နှင့် သြဂုတ်လ ၂၉ ရက်တို့တွင် လည်းကောင်း၊ ဂျီအီးမြရတနာလမ်းတွင် သြဂုတ်လ ၉ ရက်နေ့တွင် တောဆင်ရိုင်းတစ်ကောင် ဝင်ရောက်ဖျက်စီးမှုကြောင့် ​နေအိမ်စုစုပေါင်း ၁၂ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနထံမှ သိရသည်။

အလားတူ တိုက်ကြီးမြို့နယ် ဥက္ကံမြို့၊ ချောင်းစောက်ကျေးရွာအုပ်စုရှိ စိုက်ပျိုးရေးခြံတွင်လည်း တောဆင်ရိုင်းဝင်ရောက်မှုကြောင့် နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *