September 19, 2024

◾ ဗီယက်နမ်နိုင်ငံ၌ စက်တင်ဘာ ၁၀ ရက် နံနက်အထိ မုန်တိုင်းကြောင့် အနည်းဆုံး လူ ၆၃ ဦးသေဆုံးခဲ့ကာ ၄၀ ဦးပျောက်ဆုံးနေပြီး ၇၅၂ ဦးဒဏ်ရာများရရှိ

၁၀. ၉. ၂၀၂၄
Translated by Htwe Ko Tun

ဗီယက်နမ်နိုင်ငံတွင် ရာဂီမုန်တိုင်းက စက်တင်ဘာလ ၇ ရက်တွင် စတင်၍ကုန်းတွင်းဝင်ရောက်ခဲ့ပြီးနောက် မုန်တိုင်းက ဗီယက်နမ်နိုင်ငံအတွင်းမှ ထွက်ခွာသွားပြီဖြစ်သော်လည်း နိုင်ငံမြောက်ပိုင်း ဖူသိုးပြည်နယ်ရှိ ဖြတ်သန်းသွားလာမှုများသော ဖောင်ချူးတံတားကြီးက စက်တင်ဘာ ၉ ရက် တနင်္လာနေ့တွင် မုန်တိုင်းဒဏ်ကြောင့် ပြိုကျခဲ့ကြောင်း သိရသည်။

အနှစ် ၃၀ သက်တမ်းရှိပြီဖြစ်သော ဖောင်ချူးတံတားပြိုကျမှုကြောင့် ဖြတ်သန်းသွားလာနေသော မော်တော်ယာဉ်များမှာ မြစ်အတွင်းသို့ ထိုးကျနစ်မြုပ်မှုများဖြစ်ခဲ့ရသည်။ သတင်းများအရ မော်တော်ကားနှင့် ထရပ်ကား ၁၀ စီးနှင့် မော်တော် ဆိုင်ကယ်နှစ်စီးတို့ မြစ်အတွင်းသို့ ထိုးကျသွားခဲ့ပြီး ပျောက်ဆုံးနေသူ ရှစ်ဦးကို စက်တင်ဘာ ၁၀ ရက် နံနက်အထိ ရှာဖွေဆဲဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့များက ပြောခဲ့သည်။

တံတားပြိုကျစဉ် မြစ်အတွင်းသို့ စီးနင်းလာသော ဆိုင်ကယ်နှင့် ကျသွားခဲ့သော အသက် ၅၀ နှစ်ရှိ ဖမ်ထရောင်ဆန်က ၎င်းမှာ ဆိုင်ကယ်နှင့်တံတားပေါ်မှဖြတ်သန်းလာစဉ် ကျယ်လောင်လှသောအသံကြီးဖြစ်ပေါ်လာပြီး မြစ်အတွင်းသို့ ထိုးကျသွားခဲ့ကြောင်း၊ ၎င်းက ကံကောင်းလှစွာမြစ်ထဲတွင် မျောပါလာသော ငှက်ပျောပင်တုံးတစ်ခုအားတွေ့ရှိ၍ ၎င်းအားဖက်တွယ်ပြီး မြစ်ထဲ၌ ပေါလောပေါ်နေစဉ် ကယ်ဆယ်ခြင်းခံခဲ့ရကြောင်း ပြောခဲ့သည်။

ဗီယက်နမ်မြောက်ပိုင်းတွင် မြေပြိုမှုများနှင့် ရေလွှမ်းမိုးမှုများလည်းဖြစ်ခဲ့ရာ စက်တင်ဘာလ ၁၀ ရက် နံနက်အထိ မုန်တိုင်းကြောင့် အနည်းဆုံး လူ ၆၃ ဦးသေဆုံးခဲ့ကာ ၄၀ ဦးပျောက်ဆုံးနေပြီး ၇၅၂ ဦးဒဏ်ရာများရရှိခဲ့ကြောင်းတရားဝင်ထုတ်ပြန်ချက်များက ဆိုသည်။

ဖောင်ချူးတံတားပြိုကျပြီးနောက် အဆိုပါမြစ်တစ် လျှောက်ရှိ အခြားတံတားများကိုလည်း အာဏာပိုင်များက ဖြတ်သန်းသွားလာမှု ပိတ်ထားခဲ့ကြောင်း သိရသည်။

Ref- CNA

Leave a Reply

Your email address will not be published. Required fields are marked *